ရုံးအမှတ် (၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန

Listing Description

၁။ လွတ်လပ်ရေးရပြီးနောက် ဝါဒကွဲပြားမှု၊ အယူအဆမတူညီမှု၊ ရေမြေတောတောင်ပထဝီ အနေအထားများအပေါ် အခြေခံပြီး ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုး ပေါ်ပေါက်လာ ခဲ့သည်။ ခေတ်အဆက်ဆက် အစိုးရများသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက် ပေးလိုသည့် စေတနာရှိသည် မှန်သော်လည်း ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ကင်းမဲ့ခြင်းကြောင့် လည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းကြောင့်လည်းကောင်း၊ အပြည့်အဝ ဆောင်ရွက် ပေးနိုင်ခြင်း မရှိဘဲ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုသာ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရပါသည်။

၂။ ၁၉၈၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့ တရားဥပဒေဘောင် အတွင်း စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ နိုင်ငံတော်အစိုးရသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မိမိတို့၏ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ကြား သိရသောအခါ လက်နက်ကိုင် လမ်းစဉ်ကို ပြန်လည်သုံးသပ်ကာ တိုင်းရင်းသားတို့၏ ရေရှည် ဘဝရပ်တည်ရေး၊ လူမှုစီးပွားဘဝ ပိုမိုမြှင့်တင်နိုင်ရေး၊ နိုင်ငံတော်အစိုးရ၏ စိတ်ရင်းစေတနာ အမှန်သိရှိပြီးနောက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြပါသည်။

၃။ ၁၉၈၉ ခုနှစ်နောက်ပိုင်း တရားဥပဒေဘောင်အတွင်းသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ဝင်ရောက်လာခဲ့သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ခေတ် အဆက်ဆက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေသော နယ်စပ်ဒေသများကို ပြည်နယ်/ပြည်မ ဖွံ့ဖြိုးမှုမကွာဟစေရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော်လည်း ကြီးမားကျယ်ပြန့်လာသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို တာဝန်ယူ ဆောင်ရွက်နိုင်မည့် ဝန်ကြီးဌာနတစ်ခု လိုအပ်လာခြင်းမှ စတင်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပြီး ဖွဲ့စည်းပုံပြောင်းလဲမှုအဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 - ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အဖြစ် လည်းကောင်း၊

 - ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန အဖြစ်လည်းကောင်း၊

  - ၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အဖြစ်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။