ရုံးအမှတ် (၃၀)၊ စက်မှုဝန်ကြီးဌာန

Listing Description

မြန်မာနိုင်ငံကို လယ်ယာစိုက်ပျိုးရေးနိုင်ငံဘဝမှ လယ်ယာကိုအခြေခံသော စက်မှုလက်မှု နိုင်ငံအဖြစ်သို့လည်းကောင်း ထိုမှတစ်ဆင့် စက်မှုနိုင်ငံအဖြစ်သို့ ကူးပြောင်းရေးကို ရှေးရှု၍ စားဝတ်နေရေးဆိုင်ရာ၊ စက်နှင့်စက်အရန်ပစ္စည်းဆိုင်ရာ စက်ရုံကြီးငယ်များစွာကို တည်ထောင်ခဲ့ပြီး၊ စက်မှုလက်မှုကဏ္ဍတွင် စားသောက်ကုန်၊ ဝတ်ဆင်ကုန်၊ လူသုံးကုန် ထုတ်လုပ်ရေးဆိုင်ရာ စက်ရုံကြီးငယ်များသည် ပြည်သူပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင်ဟူ၍ သုံးမျိုးသုံးစားရှိခဲ့ပါသည်။

    မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးအချိန်တွင် စက်မှုလက်မှုလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် ဝန်ကြီးဌာနတစ်ခုအနေဖြင့်  ၁၉၅၂ ခုနှစ်အထိ သီးခြားဖွဲ့စည်းထားခြင်းမရှိဘဲ အခြားကဏ္ဍများနှင့်ပူးတွဲ၍ စက်မှုလက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့်သတ္တုတွင်းဝန်ကြီးဌာန စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ စက်မှုလက်မှုလုပ်ငန်းများကို  တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနကို ဌာနခွဲ၊ ဘုတ်အဖွဲ့နှင့် ကော်ပိုရေးရှင်း (၈)ခု တို့ဖြင့် သီးခြားဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။

  ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ စတင်အကောင်အထည်ဖော်ခဲ့သော အုပ်ချုပ်ရေးစနစ်သစ်အရ ၁၉၇၂ ခုနှစ် မတ်လ(၁၆)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁)ဖြင့် စက်မှုလက်မှုဝန်ကြီးဌာန၏အမည်ကို စက်မှုဝန်ကြီးဌာနဟု ပြောင်းလဲခဲ့ပြီး ကော်ပိုရေးရှင်း (၁၆) ခုဖြင့်လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် စက်မှုလက်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအရပ်ရပ်ကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ၁၉၇၅ ခုနှစ် မတ်လ(၂၉)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃)ဖြင့် ၁၉၇၅ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစတင်၍ စက်မှုဝန်ကြီးဌာနကို အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂.၁၂.၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၅/၂၀၁၁ အရ အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာနတို့အား စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(၃) ခု၊ စက်မှုလုပ်ငန်း (၆) ခုနှင့် ဗဟိုဌာန (၂) ခု၊ စုစုပေါင်းဌာန (၁၂) ခု ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

    စက်မှုဝန်ကြီးဌာနတွင် လုပ်ငန်းသဘာဝတူညီမှုရှိသော ဦးစီးဌာနများပါဝင်နေခြင်း၊ ပုဂ္ဂလိကစက်မှုကဏ္ဍနှင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချို့ဌာနများ၏ ဖွဲ့စည်းပုံအား တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ခြင်း၊ စက်ရုံ/ အလုပ်ရုံများအား ပုဂ္ဂလိကသို့ ငှားရမ်းခြင်း၊ အကျိုးတူ/ဖက်စပ် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဖွဲ့စည်းပုံ ပြန်လည်အပ်နှံရန် လိုအပ်ခြင်းတို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၄) မှ သဘောတူခွင့်ပြုချက်အရ ၁.၄.၂၀၁၄ ရက် နေ့မှစ၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၂)ခု၊ စက်မှုလုပ်ငန်း (၆) ခုနှင့် ဗဟိုဌာန(၁) ခု၊ စုစုပေါင်းဌာန(၁၀)ခု တို့ဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

    (က)   ပြည်ထောင်စုဝန်ကြီးရုံး

    (ခ)    စက်မှုညွှန်ကြားရေးဦးစီးဌာန

    (ဂ)    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

    (ဃ)   အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း

    (င)    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း

    (စ)    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း

    (ဆ)   အထည်အလိပ်လုပ်ငန်း

    (ဇ)    ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း

    (ဈ)    စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း

    (ည)   သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန

 

    နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသော အစိုးရအုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အရ ဖွဲ့စည်းပုံများကို ခေတ်နှင့်အညီ တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရန်အတွက် ဖွဲ့စည်းပုံအင်အားကို ကျစ်လစ်မှုရှိစေရန် လိုအပ်ခြင်းကြောင့် ဝန်ကြီးရုံးအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဦးစီးဌာနအချို့အား လိုအပ်ချက်အရ အမည်ပြောင်းလဲ၍ ပြင်ဆင်လျှော့ချဖွဲ့စည်းခြင်း၊ စက်မှုလုပ်ငန်းများကို ပူးပေါင်းဖွဲ့စည်းခြင်း၊ ဗဟိုဌာနကို ဖျက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    အထက်ပါအချက်များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ၂၅.၃.၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၅) မှ သဘောတူခွင့်ပြုချက်အရ ၁.၄.၂၀၁၅ ရက်နေ့မှစ၍ ဝန်ကြီးရုံး၊ ဦးစီးဌာန (၂) ခုနှင့် စက်မှုလုပ်ငန်း(၄) ခု၊ စုစုပေါင်း (၇) ခု တို့ဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

    (က)  ပြည်ထောင်စုဝန်ကြီးရုံး

    (ခ)    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

    (ဂ)    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန

    (ဃ)   အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း

    (င)    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း

    (စ)    အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း

    (ဆ)   မြန်မာ့ဆေးဝါးလုပ်ငန်း

    အဆိုပါဖွဲ့စည်းပုံတွင် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၁၈) အကြီးစားစက်ရုံ(အင်းကုန်း)အား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

     ထို့နောက် အမှတ်(၁၁)အကြီးစားစက်ရုံ(ရန်ကုန်)၊အမှတ်(၁၂)အကြီးစားစက်ရုံ(ထုံးဘို)၊ အမှတ်(၁၃)အကြီးစားစက်ရုံ(မကွေး)၊ အမှတ်(၂၅)အကြီးစားစက်ရုံ(မြိုင်)တို့ကို ၁၃.၁.၂၀၁၆ ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆)မှ သဘောတူ ခွင့်ပြုချက်အရ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ၁၀.၁၁.၂၀၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၆)မှ သဘောတူခွင့်ပြုချက်ဖြင့် စက်မှုဝန်ကြီးဌာန၏ဖွဲ့စည်းပုံအင်အားကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

    နိုင်ငံတော်သမ္မတရုံး၏ ၂၈.၁၁.၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၂၃/၂၀၁၉ အရ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အမှတ်(၇)စက်မှုသင်တန်းကျောင်း(သထုံ)နှင့် အမှတ်(၈)စက်မှုသင်တန်းကျောင်း(မုံရွာ)တို့အား တိုးချဲ့ဖွဲ့စည်းခဲ့မှုအရ စက်မှုကဏ္ဍ၏ ဖွဲ့စည်းပုံခွင့်ပြုအင်အားကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ  ၃.၅.၂၀၂၁ ရက်စွဲပါ အမိန့်အမှတ်၊ ၁၁၇/ ၂၀၂၁ ဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။