ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

Listing Description

တောင်ကြီး ဒီဇင်ဘာ ၂

ကမ္ဘောဇဘဏ်ကလှူဒါန်းသောရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် အစည်းအဝေးခန်းမဆောင်ဆောက်လုပ်ရန် မြေသန့်မင်္ဂလာ ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနား ကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဗုဒ္ဓတက္ကသိုလ်ရှိ ခန်းမ ဆောင်ဆောက်လုပ်မည့်နေရာ၌ ကျင်းပသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ နံနက် ၈နာရီ ၉ မိနစ်တွင် အောက်စဖို့ဒ် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များက ဇယန္တာဗောဓိယာမူလေ အစီချီဂါထာများကို ရွတ်ဖတ်ပူဇော်၍ အောက်စဖို့ဒ် ဆရာတော်၊ အလှူရှင် ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်တို့က ပန္နက်တင်ခြင်းမင်္ဂလာ၊ ရွှေပေစာ ငွေပေစာ ဌာပနာခြင်းမင်္ဂလာနှင့် ရတနာအုတ်မြစ်တော် စီခြင်းမင်္ဂလာများကို အသီးသီးပြုလုပ်ဆောင်ရွက်ကြသည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။ ။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ် အစည်းအဝေး ခန်းမဆောင် ဆောက်လုပ်လှူဒါန်းမှုအတွက် ကမ္ဘောဇဘဏ်က အလှူငွေ ကျပ်သိန်း ၈၀၀၀ လှူဒါန်းခဲ့သည်။ ယခင်ကလည်း ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ဆောက်လုပ်ခြင်း အတွက် အလှူငွေကျပ် သိန်း၂၄၀၀၀၊ ဗုဒ္ဓတက္ကသိုလ် ငွေပဒေသာပင် စိုက်ထူခြင်းအတွက် လှူဒါန်း ငွေကျပ်သိန်း ၃၀၀၀ စုစုပေါင်းအလှူငွေ ကျပ်သိန်း ၃၅၀၀၀ လှူဒါန်း ထားကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)