သမဝါယမတက္ကသိုလ်(သန်လျင်)

Listing Description

သမဝါယမတက္ကသိုလ်(သန်လျင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ကျိုက်ခေါက်ဘုရား လမ်းမကြီး၏ အရှေ့ဘက်၊ ရန်ကုန်သီလဝါမီးရထားလမ်း အရှေ့ဘက်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ အနောက်ဘက် ညောင်သုံးပင်ရွာတွင်တည်ရှိပြီး၊ သမဝါယမ တက္ကသိုလ်ပိုင် မြေဧရိယာ စုစုပေါင်းမှာ ၂၀၈.၂၀၉ ဧက ရှိပါသည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။ သမဝါယမတက္ကသိုလ်(သန်လျင်)မှ သင်ကြားပေးလျက်ရှိသော အထူးပြုမေဂျာဘာသာရပ်ငါးခုထဲမှ တက္ကသိုလ်၏ အမြင့်ဆုံးဘာသာရပ်တစ်ခုဖြစ်သည့် ဝါဏိဇ္ဇဗေဒဌာနမှ သင်ကြားပေးလျက်ရှိသော Accounting&Finance မေဂျာမှ ဘွဲ့ရရှိသောသူများအားလုံးသည် မြန်မာနိုင်ငံစာရင်းကောင်စီမှ ဖွင့်လျက်ရှိသော လက်မှတ်ရပြည်သူ့စာရင်းကိုင်(CPA)သင်တန်းကို ဝင်ခွင့်ဖြေစရာမလိုပဲ တိုက်ရိုက်တက်ရောက်သင်ကြားနိုင်ပါသည်။

၁၉၇၀ ခုနှစ်တွင် ရန်ကုန်တိုင်း သမဝါယမသင်တန်းကျောင်းကို မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက်၊ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ လှည်းကူးမြို့နယ်၊ ဖောင်ကြီးဗဟိုသမဝါယမသင်တန်းကျောင်း တည်နေရာတွင် ရန်ကုန်တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်း ၂ ကျောင်းအား စုပေါင်းဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းကို ရန်ကုန်သမဝါယမဒေသကောလိပ်အဆင့်သို့ ၁၉၉၄ ခုနှစ်၊ ဇွန်လ၊ ၂၁ ရက်နေ့တွင် တိုးမြှင့်တည်ထောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ရန်ကုန်သမဝါယမဒေသကောလိပ် အား ရန်ကုန်သမဝါယမဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်နှင့် ပေါင်းစည်းပြီး (၃)နှစ်သင်တန်း ဖွင့်လှစ်၍ ဝိဇ္ဇာဘွဲ့၊ စီးပွားရေးသိပ္ပံ B.A(Business Science) ဘွဲ့ဒီဂရီကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်အထိ ပေးအပ်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှစ၍ စီးပွားရေးသိပ္ပံဘွဲ့ (B.BSc)ဘွဲ့ ဒီဂရီကို ပြောင်းလဲပေးအပ်ခဲ့သည်။ ၂၀၁၂ခုနှစ် မေလ ၃၁ ရက်နေ့တွင် သမဝါယမဒီဂရီကောလိပ်(သန်လျင်)အား သမဝါယမတက္ကသိုလ်(သန်လျင်) အဖြစ် အဆင့်တိုးမြှင့်ခဲ့ပါသည်။