ပလင်းကမ်းသာယာဆင်စခန်း

Listing Description

ညောင်ဦးမြို့မှ ငါးမိုင်ခန့်အကွာ၊ ညောင်ဦး-မြင်းခြံ လမ်းကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆင်စခန်းဝန်းအတွင်း၌ လာရောက်လည်ပတ်သူများ အပန်းဖြေနားနေနိုင်ရန် ခြေတံရှည်တဲ နားနေဆောင်များတည်ဆောက်ထားခြင်း၊ သစ်ပင်ကြီးများနှင့် ထန်းပင်ကြီးများကို အမှီပြုဆောက်လုပ်ထားသည့် သစ်ပင်မျှော်စင် ဆောက်လုပ်ထားခြင်း၊ ရှုမျှော်ခင်းကြည့်ရှုနိုင်ရန် ဧရာဝတီမြစ်ကမ်းဘက် တံတားတည်ဆောက်ထားခြင်း၊ ကလေးကစားကွင်းနှင့် ဥယျာဉ်တွင်ကလေးငယ်များ ပျော်ရွှင်စွာကစားနိုင်ခြင်း၊ ဆင်များရေချ၊ ရေချိုးချိန်၊ ဆင်စာဘူဖေးကျွေးချိန်နှင့် မြစ်ကြောင်းတစ်လျှောက် မော်တော်စီး၍ ရှုခင်းများကြည့်ရှုနိုင်စေရန် စီစဉ်ထားသည်။ ထို့ပြင် ဆင်စခန်းဝန်းအတွင်း၌ ဖွင့်လှစ်ပြသထားသော ဆင်ပြတိုက်တွင် ဆင်အကြောင်းသမိုင်း၊ အာရှဆင်များ၏ နေထိုင်ကျက်စားမှု၊ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များနေထိုင် ကျက်စားမှု၊ မြန်မာနိုင်ငံတွင် ဆင်များနေထိုင်ကျက်စားမှု၊ အာရှဆင်နှင့် အာဖရိကဆင်တို့၏ ခြားနားချက်၊ ဆင်များ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၊ ဆင်စွယ်အကြောင်း သိကောင်းစရာနှင့် မြန်မာနိုင်ငံတွင် ဆင်စွယ်အမျိုးအစား ခွဲခြားထားမှုများ၊ မြန်မာ့သမိုင်းတွင် ဆင်များ၏ အရေးပါမှု၊မြန်မာနိုင်ငံမှ ဆင်ဖြူတော်များ၊ မြန်မာနိုင်ငံမှ တောဆင်များ ဆင်စွယ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် သတ်ဖြတ်ခံနေရသည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့် နေရာပြကွက်များ၊ တောဆင်ရိုင်များကို တရားမဝင်သတ်ဖြတ်၍ ဆင်နှင့်ပတ်သက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ကမ္ဘာတွင် တရားမဝင်ဈေးကွက် ဖြစ်ပေါ်ရောင်းချနေကြပုံနှင့် ထိုသို့ပြုမူသော ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်မှုများ၊ နိုင်ငံတော်အစိုးရအနေဖြင့် တောဆင်ရိုင်းများကာကွယ်ရေးနှင့် ဆင်နှင့်လူ ပဋိပက္ခများ ဖြေရှင်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းပြကွက်များ၊ ကမ္ဘာ့ဆင်များနေ့အကြောင်း သိကောင်းစရာ၊ မြန်မာ့သစ်လုပ်ငန်း၏ အရေးပေါ်တောဆင်မောင်းအဖွဲ့ ဆောင်ရွက်နေမှုများ၊ မြန်မာ့သစ်လုပ်ငန်း၏ ဆင်များကို စနစ်တကျ ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း ဆောင်ရွက်နေမှုများ၊ ဆင်များ၏ အလေ့အထ၊ သဘောသဘာဝ၊ အမူအကျင့်နှင့် ဇီဝကမ္မဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များ၏ အသက်အရွယ်နှင့် အလုပ်လုပ်နိုင်စွမ်းအားကို မူတည်၍ အတန်းအစားခွဲခြားထားခြင်း၊ ဆင်ဦးစီးများ ဆင်ကိုထိန်းချုပ်နိုင်သည့် အာရုံကြောနေရာများ၊ မှိန်းသင်ကြားခြင်းဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်အမွှာပူးမွေးခဲ့သည့် မှတ်တမ်း၊ မြန်မာနိုင်ငံတွင် ဆင်ဦးစီးများအသုံးပြုသည့် အမိန့်ပေးသံများ(စကားလုံး)များ စသည်ဖြင့် ဆင်များအကြောင်း အသေးစိတ် လေ့လာနိုင်ပါသည်။