ညိုမင်းလွင်

Listing Description

၁၉၇၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အဖ စာရေးဆရာ ဦးအောင်ဝင်း (ပိုက်ထွေး) နှင့် အမိ ဒေါ်ခင်မြသီတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမှတ် (၆)အခြေခံပညာ အထက်တန်းကျောင်း၊ အလုံတွင် ပညာသင်ကြားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ စိတ်ပညာ ဘွဲ့ရခဲ့သည်။

၁၉၉၈ ခုနှစ်တွင် “မရဏကုန်သည်” ဇာတ်ကား၌ သရုပ်ဆောင်အဖြစ် ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ နောက်ပိုင်း၌ ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် “ကျွန်တော်ချစ်သောမိန်းမများ” ဇာတ်ကားအတွက် ပထမဆုံး ဇာတ်ညွှန်း ရေးသားခဲ့သည်။ ထို့နောက် မောင်မျိုးမင်း (ရင်တွင်းဖြစ်) ၏ ဒါရိုက်တာသင်တန်းကို တက်ရောက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဒါရိုက်တာအဖြစ် “သိမ်မွေ့သောဆူး” ဇာတ်ကားကို ပွဲဦးထွက် ရိုက်ကူးခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် “ညကျောင်း” ဇာတ်ကားရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် “ဓာတ်ရှင်ရိုက်သူများ” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာအဖြစ် ပထဆုံး ရိုက်ကူးခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဒါရိုက်တာအဖြစ် “The Gemini” ဇာတ်ကားကို မြန်မာနိုင်ငံ၏ ပထမဆုံး LGBT ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ ယင်းဇာတ်ကားကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ရုပ်ရှင်ရုံများတွင် ပြသခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နယူးယောက်မြို့ Cinema Village တွင်လည်း ပြသခဲ့ရာ ဟောလိဝုဒ် တွင် ပြသသည့် ပထမဆုံး မြန်မာဇာတ်ကား ဖြစ်လာခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဒါရိုက်တာအဖြစ် ပထမဆုံးမြန်မာ့ သိပ္ပံဇာတ်ကား “Ananda: Rise of Notra” ရိုက်ကူးခဲ့သည်။ ညိုမင်းလွင်သည် သရုပ်ဆောင်တစ်ဦးအနေဖြင့် ဗီဒီယိုဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာတစ်ဦးအနေဖြင့် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော် ရိုက်ကူးထားသည်။

၂၀၁၅ ခုနှစ်တွင် မစန္ဒာလွင်နှင့် လက်ထပ်ခဲ့ပြီး ရဲရင့်နှင်းဆီလွင်နှင့် ပန်ထွာနှင်းဆီလွင်ဟူသော သမီးနှစ်ယောက်ထွန်းကားခဲ့သည်။