ငှက်ပစ်တောင်စေတီ

Listing Description

ငှက်ပစ်တောင်စေတီသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၏ အရှေ့တောင်ဘက် ငှက်ပစ်တောင်တွင် တည်ရှိပါသည်။ ငှက်ပစ်တောင်ဟု ဆိုသော်လည်း တောင်ကုန်းတောင်တန်းကြီးမဟုတ်ပဲ အမြင့် ၂၅ပေခန့်ရှိသည့် တောင်ပူစာကလေးဖြစ်ပါသည်။ ယခင်ငှက်ပစ်တောင်မှာ ပုဂံခေတ်ဦးကာလ ပျူစောထီး ရာဇဝင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး မြန်မာသက္ကရာဇ် ၉၂ ခုနှစ်တွင် ပျူစောထီးမင်းက ငှက်ပစ်တောင်အရပ်၌ ငှက်ကြီးအား လေးဖြင့်ပစ်ခွင်းအောင်နိုင်မှု အထိမ်းအမှတ်အဖြစ် စေတီတည်ထားခဲ့သည် ဆိုပါသည်။ အနော်ရထာမင်းလက်ထက်တွင် တည်ထားကိုးကွယ်ခဲ့သော ဉာဏ်တော် ၁၈ ပေ အမြင့်ရှိ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကိုလည်း ကြည်ညိုဖွယ်ရာဖူးမြော်နိုင်ပါသည်။ ဗုဒ္ဓရုပ်ပွားတော်ကြီး ကိန်းဝပ်စံပါယ်တော်မူရာ တိုက်နံဘေးမှ အပေါ်သို့တက်ရောက်ရသည့် ကုန်းမြင့်ထက်တွင် ဂူဘုရားငယ်တစ်ဆူရှိပြီး ယင်းဂူဘုရားအတွင်း၌ ရှေးဟောင်းကမ္ပည်းစာများနှင့် ပန်းချီများရှိပါသည်။ ငှက်ပစ်တောင်စေတီဟူ၍ နှစ်ဆူတည်ရှိရာ တောင်ဘက်စေတီတော်၏ နံရံရှိ ဗုဒ္ဓဆင်းတုတော်မှာ ခရစ်နှစ် ၁၃၆၄ခုနှစ်က သိုက်တူးသမားများလက်ချက်ဖြင့် ပျက်စီးယိုယွင်းခဲ့သဖြင့် ငှက်ပစ်တောင်ဆရာတော်က ပြန်လည်ပြုပြင်ခဲ့ရကြောင်း ကမ္ဗည်းမင်စာလည်း ရေးထိုးထားရှိပါသည်။ ငှက်ပစ်တောင်၏ အနောက်ဘက်တွင် ရှင်အရဟံအုတ်ကျောင်းကိုလည်း လေ့လာနိုင်ပါသည်။