နဂါးရုံဘုရား

Listing Description

နဂါးရုံဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသ၊ မြင်းကပါရွာမှ ပုဂံမြို့သစ်သွားလမ်း၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူဘုရားဖြစ်ပြီး မိုးလျော၊ ပစ္စယာအဆင့်ဆင့်ဖြင့် တည်ဆောက်ထားကာ ပစ္စယာအထက်၌ ကွမ်းတောင်နှင့် အထွတ်စေတီပေါက်ထားပါသည်။ ထို့ပြင် ပစ္စယာများ၌ ထောင့်စေတီများထည့်သွင်း တည်ဆောက်ထားပြီး ဘုရားကို အပြင်တံတိုင်းကြီးနှင့် အတွင်းတံတိုင်းနိမ့်နှစ်ထပ် ကာရံထားပါသည်။ နဂါးရုံဘုရားကို ပုဂံခေတ်ဦးပိုင်း အေဒီ ၁၀၈၄ ခုနှစ်တွင် ကျန်စစ်သားမင်း တည်ထားခဲ့သည်ဟု ဆိုကြပါသည်။ နဂါးရုံဘုရားတွင် နံရံများနှင့် စင်္ကြပတ်လမ်း နံရံများတွင် ဗုဒ္ဓဝင်ခန်းများ၊ မြတ်စွာဘုရား တရားဟောခန်း နံရံဆေးရေး ပန်းချီများကို ရှေးမွန်ဘာသာ ကမ္ပည်းစာများနှင့်တကွ တွေ့ရသည်။ နဂါးရုံဘုရား၏ အဝင်ခန်းမဆောင် နံရံမုခ်ကပ်များတွင် ဗုဒ္ဓဝင်ခန်းဖြစ်သည့် မယ်တော်မာယာအိပ်မက်ခန်း၊ မြတ်စွာဘုရား ရွှေခွက်မျှောခန်း၊ တာဝတိံသာ နတ်ပြည်မှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း၊ ပါလိလေယျက (ပလလည်း) တောတွင် သီတင်းသုံးခန်းနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခန်း စသည့် ကျောက်ဆစ်ရုပ်တုများနှင့် ဂူဘုရားအတွင်းရှိ လက်ဝဲ လက်ယာ နံရံမုခ်ကပ်များတွင်လည်း သဲကျောက်ဖြင့် ထုလုပ်ထားသည့် ကြာပလ္လင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ ဒီပင်္ကရာဘုရား ရှေ့မှောက် သုမေဓာ ရှင်ရသေ့ ဗျာဒိတ်ခံယူပုံ စသည့် ကျောက်ဆစ်ရုပ်တုများကို လေ့လာနိုင်သည်။ နဂါးရုံဘုရား အပြင်ဖက်နံရံတွင် တန်ဆာဆင်ထားသည့် အင်္ဂတေပန်းတော့ လက်ရာများဖြစ်သည့် ဘီလူးပန်းဆွဲများ အင်္ဂတေပန်းများကိုလည်း လေ့လာနိုင်သည်။ နဂါးရုံဘုရား အခြေမှ အတွင်း တံတိုင်းအထိ စဉ့်စိမ်းသုတ် အုပ်ချပ်များ ခင်းထားပါသည်။ ဂူဘုရားအတွင်းသို့ မြောက်ဘက်မုခ်ပေါက်မှ ဝင်ရောက်နိုင်ပြီး ဝင်ပေါက်ကြီးအပေါ်၌ သစ်သားတန်းကြီးရှိ၍ ပုဂံခေတ် ပန်းပုလက်ရာများကို ထူးခြားစွာ တွေ့နိုင်သည်။ ဂူအတွင်း၌ အာရုံခံဆောင်နှင့် ဘုရားခန်းရှိသည်။ အတွင်းဝင်ပေါက် ဝဲယာတွင် ယခုအခါ အနည်းငယ်ပျက်စီးနေသော ပုဂံခေတ် ဒွါရပါလတံခါးစောင့်နတ်ရုပ်နှစ်ခု ရှိသည်။ ဘုရားခန်းတွင် နဂါးရုံ အဘယမုဒြာ အနေအထားဖြင့် ဗုဒ္ဓမတ်ရပ်ရုပ်ပွားဆင်းတုတော်ကြီး ရှိသည်။ ဘေးဝဲယာတွင်လည်း မတ်ရပ်ဓမ္မစကြာမုဒြာအနေအထားဖြင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်နှစ်ဆူကို တွေ့နိုင်လေသည်။ အာရုံခံခန်းမနှင့် ဘုရားခန်းတို့ အထက်ရှိ သစ်သားထုတ်တန်းကြီးတွင်လည်း ပုဂံခေတ် ပန်းပုလက်ရာများ တွေ့ရသည်။ ဘုရားခန်းရှိ ရှေးပုဂံခေတ် ဆေးရေးပန်းချီတို့သည်ကား အတော်ပျက်စီးလျက်ရှိသည်။