မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းနှင့် စမတ်ကျွန်း ရေပေါ်တံတားဖွင့်

Listing Description

မြိတ်  ဇန်နဝါရီ   ၁၁

မြန်မာနိုင်ငံ၏ပထမဦးဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွား  လုပ်ငန်း ( Community Based Tourism- CBT ) နှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများသည့် စမတ်ကျွန်း ရေပေါ်တံတား (Floating Jetty) တို့ကို ကျွန်းအပန်းဖြေခရီး လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည် များ  ပိုမိုအဆင်ပြေစေရေးအတွက်  ဇန်နဝါရီ ၁၀ ရက်က  ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်ခဲ့သည့်  ဒုံးညောင်းမှိုင်း ကျေးရွာသည်  မြိတ်မြို့မှ  ရေမိုင် ၄၈  မိုင်ခန့်ကွာဝေးကာ  ကျွန်းစုမြို့နယ်  ဒုံးကျွန်းပေါ်တွင်တည်ရှိပြီး Speed Boat ဖြင့် နှစ်နာရီခန့်သွားရသည့် ကျွန်းရွာ တစ်ရွာဖြစ်သည်။ အဆိုပါကျေးရွာအနီးတွင် ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုများပြီး မြိတ်ခရိုင်၏ အဓိက ကျွန်းအပန်းဖြေခရီးစဉ်ဖြစ်သည့် ကျောက်စရစ်ကမ်းခြေနှင့်   သဲတန်းကမ်းခြေတည်ရှိသော   စမတ်ကျွန်းတွင် ရေပေါ်တံတား( Floating Jetty ) ဆောင်ရွက်ထားရာ ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေစွာ သွားလာနိုင်တော့မည်ဖြစ်သည်။

စမတ်ကျွန်း ရေပေါ်တံတား  ဖွင့်ပွဲအခမ်းအနားကို အဆိုပါတံတားအနီး ကမ်းခြေနှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဒုံးညောင်း မှိုင်းကျေးရွာတို့တွင်  ကျင်းပရာ  တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့် မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ စမတ်ကျွန်း ရေပေါ်တံတားကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက်  တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည်  စမတ်ကျွန်း  သဲတန်းကမ်းခြေမှ  ကျောက်စရစ်ကမ်းခြေသို့   သွားရောက်ကြည့်ရှုခဲ့ကြပြီး ကျွန်းပေါ်တွင် ခရီးသွားဧည့်သည်များအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ထားရှိမှုကို  ကြည့်ရှုစစ်ဆေးကာ Speed Boat များဖြင့် ဒုံးညောင်းမှိုင်းကျေးရွာသို့သွားရောက်၍ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း(Community  Based  Tourism-CBT) ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ကျေးရွာ CBT ခန်းမတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူး  ဦးညိုအေးက   ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း(CBT)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာ CBT  ဘဏ္ဍာရေးမှူး  ဦးဖိုးဇော်က  ကျေးဇူးတင်စကား  ပြန်လည်ပြောကြားသည်။ ထို့နောက် CBT အတွက် အလှူငွေများ လှူဒါန်းပေးသည့် အလှူရှင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ဒုံးညောင်းမှိုင်းကျေးရွာ( CBT )တွင် ခရီးသွားဧည့်သည်များအနေဖြင့် ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ နှင့် လူမှုဘဝနေထိုင်မှုပုံစံများကို လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ကျွန်းပေါ်၌ စက်ဘီးစီးခြင်း၊  ကရွတ်လှေများလှော်ခတ်ပြီး  ဒီရေတောများ လေ့လာခြင်း၊ အပျော်တမ်းငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပါ၍ ငါးဖမ်းလုပ်ငန်းလေ့လာ ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။  ၎င်းအပြင် ဒုံးညောင်းမှိုင်းကို အခြေပြု ၍ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအကြားတွင် ရေပန်းစားနေသည့် စမတ်ကျွန်းနှင့် အခြားကျွန်းများသို့ ဒေသခံများ၏ မော်တော်ဘုတ်များ၊ Speed Boat များဖြင့် သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ပထမဦးဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း CBT နှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများသည့် စမတ်ကျွန်း ရေပေါ်တံတားတို့ကို ဖွင့်လှစ်ခဲ့ပြီဖြစ်သည့်အတွက်  ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။ 

ခိုင်ထူး ( မြိတ် ပြန်/ဆက်)