မကွေးပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် သုံးထပ်အဆောက်အအုံ လွှဲပြောင်းပေးအပ်မှု အခမ်းအနား ကျင်းပ

Listing Description

နေပြည်တော်   နိုဝင်ဘာ   ၂၇

ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့် ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောက်လုပ်ခဲ့သော မကွေးပြည်သူ့ဆေးရုံကြီးမှ သားဖွား မီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် သုံးထပ် အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်သည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဝမ်းမြောက်စကားပြောကြားရာတွင် ဂျပန်နိုင်ငံအစိုးရ သည် မြန်မာနိုင်ငံအား ချစ်ခင်ရင်းနှီးစွာဖြင့် ကျန်းမာရေးကဏ္ဍ ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိရာ ယခု ပြည်သူ့ဆေးရုံကြီး မကွေးမြို့ အဆင့်မြှင့်တင်ရေးစီမံကိန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ မကွေးပြည်သူ့ဆေးရုံကြီးသည် ပြည်သူများ အားကိုးအားထားပြုကာ ကုသမှုခံယူလျက်ရှိသော ဆေးရုံ ကြီးဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် ဆေးရုံကြီးအား ခုတင်-  ၅၀၀  ဆံ့   ပြည်သူ့ဆေးရုံကြီးအဖြစ်  အဆင့်တိုးမြှင့်ခဲ့ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးရုံအတွက် ထပ်မံလိုအပ် သည့် MRIs (magnetic resonance imaging) နှင့် CT (computed tomography) scan စက်များ အပါအဝင် စက်ကိရိယာပစ္စည်းများကို မှာယူထားရှိပါကြောင်း၊ ယခု သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် သုံးထပ်အဆောက်အအုံကို  ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် ပူးပေါင်း ဆောက်လုပ်နိုင်ခဲ့သည့်အတွက် မကွေးမြို့နှင့် အနီးတစ်ဝိုက်မှ ပြည်သူများအတွက် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း။

ဂျပန်နိုင်ငံ၏ ပံ့ပိုးမှုများဖြင့် မိမိတို့နိုင်ငံတွင် ကျန်းမာရေး ဌာန အဆောက်အအုံများ ဆောက်လုပ်ခဲ့ပြီး ယခုလက်ရှိတွင် လည်း ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီး လားရှိုးမြို့နှင့် ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့တို့၏ အဆင့် မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး အဆင့်မြင့်တိုးချဲ့ ခုနစ်ထပ်ဆောင်နှင့် နှလုံး၊ ဦးနှောက် နှင့် အာရုံကြောအထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေး လုပ်ငန်းများအပါအဝင် လုပ်ငန်းများကို  ဆောင်ရွက်လျက် ရှိပါကြောင်း။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပံ့ပိုးမှုများလည်း ပေးအပ် လျက်ရှိပါကြောင်း၊ ထိုသို့ ပံ့ပိုးမှုများပေးအပ်သည့် ဂျပန် နိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ(JICA) တို့အား ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့ အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများတွင် ပံ့ပိုးမှုများ ပေးအပ်လျက်ရှိသော မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကိုလည်း   အထူးကျေးဇူးတင်ရှိပါ ကြောင်း၊  လက်ရှိတွင်  တိုင်းဒေသကြီး/ပြည်နယ်များ၌ "ပါးစပ်နှင့်  နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထု လှုပ်ရှားမှုစီမံချက်" ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ပံ့ပိုးမှုများ  ပေးအပ်ပါရန်   မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြည်သူ့ဆေးရုံကြီး မကွေးမြို့သည် မကွေး တိုင်းဒေသကြီးအတွက် အဓိကကျသော ဆေးရုံကြီးဖြစ်ပြီး ယခုပြည်သူ့ဆေးရုံကြီး မကွေးမြို့ အဆင့်မြှင့်တင်ရေးစီမံကိန်း သည် တိုင်းဒေသကြီးအတွက် လွန်စွာအကျိုးရှိသော စီမံ ကိန်းဖြစ်ပါကြောင်း၊  မကွေးတိုင်းဒေသကြီးအတွင်း မိခင် သေဆုံးမှုနှင့် မွေးကင်းစကလေး သေဆုံးမှုနှုန်းများသည် အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက မြင့်မားနေသောကြောင့် ယခု သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် သုံးထပ်အဆောက်အအုံ ဆောက်လုပ် ပြီးစီးခဲ့ခြင်းမှာ မိမိတို့ တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း။

ပြည်သူ့ဆေးရုံကြီး မကွေးမြို့  အဆင့်မြှင့်တင်ရေး စီမံကိန်းကို ထောက်ပံ့ပေးလျက်ရှိသော ဂျပန်နိုင်ငံ အစိုးရ နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ချိတ်ဆက်တိုင်ပင် ကာ လုပ်ငန်းများ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက်  မြန်မာနိုင်ငံဆိုင်ရာ  ဂျပန်နိုင်ငံသံရုံးမှ Counsellor Mr. Takimi Kazuyuki က ပြည်သူ့ဆေးရုံကြီး မကွေးမြို့သည် တိုင်းဒေသကြီးအတွက်  အရေးကြီးသော ဆေးရုံကြီးဖြစ်ပြီး လူနာခုတင်သုံးစွဲမှုများပြားသော ဆေးရုံ ကြီးဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့ အဆင့် မြှင့်တင်ရေးစီမံကိန်းသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေးနှင့် နေထိုင်မှုအရည် အသွေး ပိုမိုမြင့်မားစေရေး ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ် ပါကြောင်း၊ သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစ ကလေး ကုသ ဆောင် သုံးထပ်အဆောက်အအုံကို ဆောက်လုပ်ပြီးနောက် ဆေးပစ္စည်းကိရိယာများကိုလည်း ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ကူညီပေး လျက်ရှိသည့်အပြင် အခြားကျန်းမာရေးကဏ္ဍများအတွက် ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်သူ့ဆေးရုံကြီး  မကွေးမြို့  အဆင့်မြှင့်တင်ရေး စီမံကိန်းစီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့မှာ ဂျပန်ယန်း ၂၂၈၁ သန်းဖြစ်သည်။ ယခု လွှဲပြောင်းပေးအပ်ခဲ့သည့် သားဖွားမီးယပ်ရောဂါနှင့် မွေးကင်းစကလေး ကုသ ဆောင် သုံးထပ်အဆောက်အအုံတွင် သားဖွားနှင့် မီးယပ် ဆေးကုသဆောင်၊ မွေးကင်းစကလေးကုသဆောင်၊ အရေး ပေါ်ဌာနနှင့် ခွဲစိတ်ခန်းတို့ပါဝင်ကြောင်း သိရသည်။  

သတင်းစဉ်