လောကမာန်အောင်ဆုတောင်းပြည့်စေတီ

Listing Description

လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၌ ကိန်းဝပ်တော်မူလျက်ရှိပါသည်။ ဉာဏ်တော် ၇၅ ပေ ၁၀ လက်မ မြင့်ပြီး မြစ်ကြီးနားမြို့၏ရှေးအကျဆုံး သမိုင်းဝင်စေတီတော်မြတ်ကြီးဖြစ်ပါသည်။ သက္ကရာဇ် ၄၅၄-ခုနှစ်တွင် နန်းစံတော်မူသော အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်ရင်းဖြင့် နန့်စန်ချောင်းဝ၏ တောင်ဘက်၊ ဧရာဝတီမြစ်၏ အနောက်ဘက်၊ ကမ်းသာယာကုန်းရွာ၏ မြောက်ဘက် (ယခုစေတီတော်မြတ် ကိန်းဝပ်ရာနေရာ)၌ မဇ္ဈိမဒေသမှ ပင့်ဆောင်ခဲ့သော မြတ်စွာဘုရား၏ သရီရဓာတ်တော်ကို ဌာပနာ၍ စေတီတော်မြတ်ကို တည်ထားခဲ့ခြင်းဖြစ်ပါသည်။ ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင် မင်းတရားလက်ထက် ၁၁၂၅-ခုနှစ်တွင် ဗိုလ်မှူး လက်ဝဲဝင်းတော်မှူးမှ တစ်ကြိမ် ပြုပြင်မွန်းမံခဲ့သည်။ ၁၂၉၄-ခုနှစ်တွင် ဧရာဝတီမြစ်၏ ကုန်းမြေဒေသကို ရေတိုက်စားမှုကြောင့် ပြိုကျလုဖြစ်၍ ဆရာတော် ဦးဣဿရနှင့် ခတ်ချိုဆရာတော် ဦးဉာဏတို့က ကြီးမှူး၍ စေတီတော်၌ ဌာပနာထားသော ဓာတ်တော် မွေတော်တို့ကို တူးဖော်ကာ ဧရာဝတီမြစ်မှ အလံ ၅၀ ခန့် အကွာအရပ်သို့ ရွှေ့ပြောင်း၍ စေတီတော်မြတ် အသစ်ကို ပြန်လည်တည်ထားခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်ဒါဏ်ကြောင့် ပြိုပျက်မြေခခဲ့ပြီး ချုံနွယ်တို့ ဖုံးလွှမ်းခဲ့သော်လည်း ဝန်းသိုဆရာတော် ဦးစန္ဒိမာနှင့် တပည့် ဆရာတော် ဦးသောဘဏတို့ ကြီးမှူး၍ ၁၃၁၆-ခုနှစ်တွင် တတိယအကြိမ် ထပ်မံမွမ်းမံ တည်ထားခဲ့ပါသည်။ စေတီဝန်းအတွင်းတွင်လည်း လျောင်းတော်မူဘုရားကြီးနှင့် ရပ်တော်မူဘုရားကြီးလည်းရှိပါသည်။ လျောင်းတော်မူဘုရားကြီးကို ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များစစ်ရှုံး၍ ပြန်အဆုတ်တွင် ဂျပန်တပ်မတော် ၅၆ မှ ဂျပန် စစ်ပြန် မစ္စတာ မစ်ဆူမိဆာကာဂူချိက ကချင် စစ်မျက်နှာအတွင်း ကျဆုံးသွားသော ဂျပန် စစ်သားများ၊ စစ်အတွင်း သေဆုံးသွားသော တိုင်းရင်းသားများကို ရည်စူး၍ လျောင်းတော်မူဘုရားကြီးကို တည်ဆောက် လှူဒါန်းခဲ့သည်ဟု ဂျပန်စာဖြင့်ရေးထိုးထားသော ဘုရားဝန်းအတွင်းရှိ ကျောက်စာအရ သိရပါသည်။