ကလျာဏီသိမ်တော်ကြီး

Listing Description

ပဲခူးမြို့ အနောက်ပိုင်း၊ မဇင်းချောင်းရပ်ကွက်၊ ရွှေသာလျောင်းဘုရားလမ်းဘေးတွင် တည်ရှိသည့် သမိုင်းဝင် ရှေးဟောင်းသိမ်တစ်ခု ဖြစ်သည်။ ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းကြီးက ခရစ်နှစ် ၁၄၇၆ ခုနှစ်တွင် ဂိုဏ်းဂဏများ ကွဲပြားနေသော သံဃာထုအား သိက္ခာသစ်တင်၍ သန့်စင်စေရန်အလို့ငှာ တည်ဆောက်လှူဒါန်းခဲ့သည်။ ဓမ္မစေတီမင်းသည် ဟံသာဝတီသား မထေရ်ကြီးများကို တောင်းပန်၍ သက္ကရာဇ် ၈၃၇ ခုနှစ် တပို့တွဲလတွင် သီဟိုဠ်ကျွန်းသို့ စေလွှတ်ကာ သိက္ခာသစ် တင်စေသည်။ မထေရ်ကြီးများသည် သက္ကရာဇ် ၈၃၈ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြတ်စွာဘုရား ရေသုံးသပ်တော်မူခဲ့သော ကလျာဏီမြစ်၌ မဟာဝိဟာရဝါသီဂိုဏ်းမြတ်၏ အဆက်အနွယ်ဖြစ်သော ရဟန်းသံဃာတော်များထံမှ ရဟန်းအဖြစ် ထပ်မံခံယူလျက် နတ်တော်လဆန်း ၈ ရက် တနင်္ဂနွေနေ့တွင် ဟံသာဝတီသို့ ပြန်ရောက်လာ၍ ကလျာဏီသိမ်ကို သမုတ်ကြသည်။ ယင်းသိမ်အား သီဟိုဠ်ကျွန်း၊ ကလျာဏီမြစ်၊ ရေသိမ်တွင် ပဉ္ဇင်းအဖြစ်သို့ရောက်ရှိခဲ့ကြသော ရဟန်းသစ်များက သိမ်သမုတ်ခဲ့ကြသောကြောင့် ကလျာဏီသိမ် ဟုအမည်ပေးခဲ့သည်။ ဓမ္မစေတီမင်းကြီးသည် ကလျာဏီကျောက်စာများကို ပါဠိဘာသာ နှင့် မွန်ဘာသာများဖြင့် ရေးထိုးခဲ့ပြီး ၁၄၈၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ကလျာဏီသိမ်အနီးတွင် စိုက်ထူခဲ့သည်။ မြန်မာသက္ကရာဇ် ၉၃၈ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားသည် ကလျာဏီသိမ်ကြီးကို မွမ်းမံပြင်ဆင်လျက် သိမ်အတွင်းပိုင်းကို ရွှေပိန်းချခဲ့သည်။ သက္ကရာဇ် ၉၆၁ ခုနှစ်တွင် ပေါ်တူဂီ ငဇင်ကာအုပ်စု၏ လက်ချက်ကြောင့် ကလျာဏီသိမ်ကြီး မီးလောင်ပျက်စီးခဲ့သည်။ အနောက်ဖက်လွန်မင်းသည် ငဇင်ကာနှင့် ပေါ်တူဂီများကို နှိမ်နှင်းပြီးနောက် ကလျာဏီသိမ်ကြီးအား ပြန်လည်တည်ဆောက်ခဲ့ပြီး မြန်မာသက္ကရာဇ် ၉၇၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ရေစက်သွန်းချခဲ့သည်။ ထို့နောက် သာလွန်မင်းက သက္ကရာဇ် ၁၀၀၇ ခုနှစ်တွင်လည်းကောင်း၊ ဘိုးတော်ဘုရား(ဗဒုံမင်း)က သက္ကရာဇ် ၁၀၅၆ ခုနှစ်တွင်လည်းကောင်း ထပ်မံမွမ်းမံပြင်ဆင်ခဲ့သည်။ သက္ကရာဇ် ၁၂၃၅ ခုနှစ်၊ တန်ခူးလကွယ်နေ့တွင် မီးလောင်ကျွမ်းမှုဖြစ်ကာ သိမ်တော်ကြီးပြိုကျပျက်စီးခဲ့သဖြင့် ထိုနှစ် နတ်တော်လတွင် ပုဂံတောင်ရွာသူဌေး ဦးသိန်းစိုး၊ ဒေါ်မှိုဥတို့က ကလျာဏီသိမ်ကို ပြန်လည် ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။ သို့သော်လည်း ၁၂၉၂ ခုနှစ် ကဆုန်လဆန်း ၉ ရက်နေ့တွင် ငလျင်ဒဏ်ကြောင့် သိမ်တော်ကြီး အက်ကွဲပြိုပျက်ခဲ့ရပြန်သည်။ ယခုမြင်တွေ့နေကြရသည့် ကလျာဏီသိမ်တော်ကြီးသည် ၁၃၁၆ ခုနှစ်တွင် ပဲခူးမြို့မှ ရွှေခြူးဆေးလိပ်ခုံပိုင်ရှင် ဦးသူတော် မတည်လှူဒါန်းငွေများဖြင့် ပြန်လည်ဆောက်လုပ်ထားသည့် သိမ်ဖြစ်သည်။ မူလ သိမ်နယ်နမိတ်တိုင်ကြီး တစ်တိုင်အား သိမ်၏ခေါင်းရင်းဘက် တောင်ဘက်ခြမ်း တံတိုင်းအတွင်း မြင်တွေ့နိုင်သည်။ မူလ သိမ်တိုင်ဟောင်းရှစ်တိုင်လည်း ကျန်ရှိနေသည်။