ဒေါ်မေသစ် (၁၉၂၅-၂၀၀၁)

Listing Description

အဖ မြူနီစီပယ် ဝန်ထောက် ဦးကိုကိုကြီး၊ အမိ ဒေါ်သန်းရွှေတို့မှ ၁၉၂၅ ခုနှစ်တွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်း သုံးဦးတွင် ဒုတိယ ဖြစ်သည်။ အမည်ရင်းမှာ မခင်သစ် ဖြစ်သည်။ အလယ်တန်း အထိ ပညာဆည်းပူးခဲ့သည်။ အသက် ၁၆ နှစ်အရွယ်၌ ဝါသနာပါရာ သရုပ်ဆောင်အလုပ်ကို အေဝမ်းရုပ်ရှင် ကုမ္ပဏီတွင် လျှောက်ထားရာ အေဝမ်းရုပ်ရှင်ကုမ္ပဏီမှမင်းသမီးအသစ်အဖြစ် ရွေးချယ်ခဲ့သည်။ ထို့နောက် အမည်ရင်း မခင်သစ်မှ အေဝမ်းရုပ်ရှင် ကုမ္ပဏီမှ ပေးသော 'မေသစ်' အမည်ဖြင့် ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာသည်။

ဒါရိုက်တာ ဦးဘရှင် ရိုက်ကူးခဲ့သည် "မိုးကြိုး" အသံတိတ် ဇာတ်ကားတွင် ဇာတ်ရံတစ်ဦးအနေဖြင့် ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်လောကထဲသို့ စတင်ဝင်ရောက်လာခဲ့သည်။

လျှစ်စစ် ရုပ်ရှင် ကုမ္ပဏီမှ ၁၉၄၆ မှ ၁၉၅၂ ခုနှစ်ထိ ထုတ်လုပ်ခဲ့သော ရုပ်ရှင်ကားများတွင် ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည်။

လျှပ်စစ် ရုပ်ရှင်တွင် ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူး နေရသကဲ့သို့ အေဝမ်းဖလင် ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒါရိုက်တာ ဦးဘရှင်၏ 'ချိန်တန်ပြီ' အသံထွက် ရုပ်ရှင်ကားတွင်လည်း မောင်တင်မောင်၊ မေရှင်၊ သာဂေါင်ကြီးတို့နှင့် တွဲဖက် သရုပ်ဆောင်ရသည်။

ထို့နောက် မေသစ်သည် လျှပ်စစ် ရုပ်ရှင် ကုမ္ပဏီ၏ ပဉ္စမမြောက် ရုပ်ရှင်ကား ဖြစ်သည့် ဒါရိုက်တာ ဦးသုခ၏ 'ဂုဏ်ရည်မတူ' (၁၉၅၀) အသံထွက်ဇာတ်ကားတွင် ခင်မောင်၊ စိန်စိန်၊ မေလွင်၊ ဦးသုခတို့နှင့် တွဲဖက် သရုပ်ဆောင်ရသည်။

ဒါရိုက်တာ အေဝမ်းဦးတင်မောင် ကြီးကြပ်၍ ဒါရိုက်တာ ဦးမြမောင် ရိုက်ကူးသည့် 'မြဲတဲ့သစ္စာ' (၁၉၅၁) အသံထွက်ရုပ်ရှင်ဇာတ်ကားမှာ နာမည်ကြီးထင်ရှားသည်။ မေသစ်သည် မိမိပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကားများတွင် ဇာတ်ဝင်တေးများကို ကိုယ်တိုင် သီဆိုသည်။ ရောင်းတမ်း ဓာတ်ပြား လောကတွင် 'ဖိုးသာအောင်၊ စမ်းရေအိုင်၊ ပစ်တိုင်းထောင်' သီချင်းတို့ဖြင့် နာမည်ကြီးခဲ့သည်။

ဗြိတိသျှ ဘားမား (ညွန့်မြန်မာ) ရုပ်ရှင် ကုမ္ပဏီမှ ထုတ်လုပ်သည့် ရုပ်ရှင်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ဗြိတိသျှ ဘားမားမှ မေသစ်၏ ဒုတိယကား ဖြစ်သည့် ဒါရိုက်တာ ဦးသုခ စီစဉ် ညွှန်ကြား ရိုက်ကူးသော 'သည်ဆောင်းဟေမာန်' ရုပ်ရှင်ဖြင့် ၁၉၅၃ ခုနှစ်၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆု ဒုတိယ ရရှိခဲ့သည်။

၁၉၅၈ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှ 'မေသစ်' အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သည်။

၁၉၆၀ ပြည်နှစ်၊ မြဇော်ဖလင်မှ ဒါရိုက်တာ ဦးမြမောင် ရိုက်ကူးသော 'မေတ္တာရွှေရည်' ကားဖြင့် အမျိုးသမီး ဇာတ်ဆောင် ထူးချွန်ဆုကို ရရှိခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ထူးခြားစွာ ရုပ်ရှင်ကြည့် လူထု ပရိသတ်ကလည်း မဲစနစ်ဖြင့် သူရဿတီဆုကို ရွေးချယ်ချီးမြှင့်ရာ အမျိုးသမီး ဇာတ်ဆောင်ဆုကို 'မေတ္တာရွှေရည်' ကားမှ မေသစ်ပင် ရရှိခဲ့ပေသည်။

အကယ်ဒမီ မေသစ်သည် ၁၉၄၁ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ဇာတ်ဆောင် မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် ၁၉၆၃ ခုနှစ်မှ စ၍ အသက်အရွယ် အရ ဇာတ်ပို့ သရုပ်ဆောင် မင်းသမီးကြီး အဖြစ် ပြောင်းလဲ သရုပ်ဆောင်သည်။ ၁၉၆၄ ခုနှစ်၊ ရှုမဝ ရုပ်ရှင် ဒါရိုက်တာ ရှုမဝဦးကျော်၏ 'ရင်ဝယ်တသိမ့်သိမ့်' ရုပ်ရှင်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆု ရရှိခဲ့သည်။

၁၉၇၆ ခုနှစ်တွင် "နွဲ့မျိုးစုံလင် နွဲ့လိုက်ချင်" ရုပ်ရှင်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆုကို ဒုတိယ အကြိမ် ရရှိပြန်သည်။ သုံးထပ်ဆင့် အကယ်ဒမီ ဒေါ်မေသစ်သည် ဇာတ်ပို့ မင်းသမီးကြီး အဖြစ် ရုပ်ရှင်ကားများ စဉ်ဆက်မပြတ် ရိုက်ကူးခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် ဗီဒီယို၊ ရုပ်ရှင်ကားများ ထွန်းကားလာသည့် အခါ တစ်ကား နှစ်ကားသာ ရိုက်ကူးပြီး ရုပ်ရှင် သရုပ်ဆောင် အဖြစ်မှ အနားယူခဲ့သည်။

အကယ်ဒမီ ဒေါ်မေသစ်တွင် အိမ်ထောင် နှစ်ဆက် ရှိခဲ့သည်။ ပထမ အိမ်ထောက်ဖက်မှာ ဦးကိုကို (ဇေယျကျော်ထင် ဒု-ဗိုလ်မှူးကြီး ကိုကို - ငြိမ်း) ဖြစ်သည်။ ဦးကိုကို-ဒေါ်မေသစ်တို့တွင် သားကြီး ကိုကိုဦး၊ သားလတ် ကိုကိုလတ်၊ သမီးထွေး မဝင်းရီတို့ ထွန်းကားခဲ့သည်။ ဦးကိုကိုနှင့် ဒေါ်မေသစ်တို့သည် ရေစက်ကုန်သည့် အခါ နှစ်ဦး သဘောတူ လမ်းခွဲ ခဲ့ကြသည်။ ထို့နောက် တိုင်းသာသနာရေး အရာရှိ ဦးဝင်းနှင့် ဒုတိယ အိမ်ထောင် ထူခဲ့သည်။ ဒုတိယ အိမ်ထောင်ဖက် ဦးဝင်းသည် ဒေါ်မေသစ်နှင့် ဆယ်နှစ်ကျော်ခန့် ပေါင်းသင်းပြီး ကွယ်လွန်ခဲ့သည်။

ဒေါ်မေသစ်သည် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် လူကြီးရောဂါဖြင့် ဆာကူရာအထူးကု ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ မြန်မာ့ ရုပ်ရှင် လောကတွင် ၁၉၄၁ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကြာမျှ ဇာတ်ဆောင်၊ ဇာတ်ပို့ မင်းသမီးကြီး အဖြစ် ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။