၁၉၉၃ ခုနှစ် မေလ ၂၂ ရက်နေ့တွင် အဖ ဦးအောင်ဇောလင်းနှင့် အမိ ဒေါ်မိုးသိင်္ဂီတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ထက်ထက်အောင် ဖြစ်သည်။ မွေးချင်း နှစ်ယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး အစ်ကိုဖြစ်သူ စိုးဖြိုးသည်လည်း မော်ဒယ်တစ်ယောက်ဖြစ်သည်။ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံတွင် ပညာသင်ကြားခဲ့ပြီး အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှ ဘွဲ့ရခဲ့သည်။
၂၀၀၆ ခုနှစ်တွင် အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပြီး underground ဟစ်ဟော့ လောကမှ အောင်မြင်မှုများ ရရှိလာခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် ရဲလေး၊ လွှမ်းပိုင်၊ အိမ့်ချစ်တို့နှင့် အတူ သီဆိုခဲ့သော "မနှုတ်ဆက်ချင်ဘူး" သီချင်းဖြင့် ပရိသတ်သတိထားမိလာခဲ့သည်။ ထို့နောက် “ပွဲ” သီချင်းဖြင့် အောင်မြင်ကျော်ကြားလာခဲ့သည်။ မျောလွင့်ကြစို့၊ ခုန်လိုက်၊ ၉၉.၉%၊ လက်လက်ကိုထလို့၊ ဒွိဟ၊ တန်ပြန်သက်ရောက်မှု၊ အဖြူရောင်သတို့သမီး စသည့်သီချင်းများမှာ ပရိသတ်များအကြား အထူးရေပန်းစားခဲ့သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် လွှမ်းပိုင် နှင့် နှစ်ယောက်တွဲ အယ်လ်ဘမ်ဖြစ်သည့် “ဒုံးပျံ” အယ်လ်ဘမ် ထွက်ရှိခဲ့သည်။ ထိုအယ်လ်ဘမ်သည် Shwe FM နှင့် City FM တို့မှ ချီးမြှင့်သော အကောင်းဆုံးတေးအယ်လ်ဘမ်ဆု ရရှိခဲ့သည်။ ထို့နောက် စီးပွားရေးကြော်ငြာများ လက်ခံရိုက်ကူးခဲ့သည်။ မြန်မာနိုင်ငံအနှံ့ စတိတ်ရှိုးပွဲများတွင်လည်း ပါဝင်သီဆို ဖျော်ဖြေခဲ့သည်။
“ကိုကို” သီချင်းကို လွှမ်းပိုင်၊ အိမ့်ချစ် တို့နှင့်အတူ သီဆိုခဲ့ပြီး ထိုသီချင်းသည် Shwe FM မှ “Best Music Award” ဆုရရှိခဲ့သည်။ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ Coca-Cola Myanmar တို့နှင့် ပူးပေါင်းကာ ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ကမ်ပိန်းအတွက် "The World is Ours" သီချင်းကို သီဆိုခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့သော “Let's Go” အမည်ရှိ ခရီးသွား မှတ်တမ်းရုပ်ရှင်တွင် လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာ၊ နန်းမြတ်ဖြိုးသင်းတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် သူမ၏ ပွဲဦးထွက်တစ်ကိုယ်တော် အယ်လ်ဘမ် “21” ထွက်ရှိခဲ့သည်။
၂၀၁၅ ခုနှစ် မတ်လတွင် အောင်သီရိဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးမှ ထွက်ရှိခဲ့သော ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးသည့် “အာရွှီးတဲ့ကိုကို” ဇာတ်ကားတွင် သရုပ်ဆောင်လူမင်းနှင့်တွဲဖက်၍ ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။
၂၀၁၃ ဇူလိုင်လ ၂၆ ရက်နေ့တွင် Coca-Cola ၏ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ Samsung Mobile Myanmar ၊ Spy Wine ၊ VeVe တို့၏ အမှတ်တံဆိပ်သံတမန်လည်းဖြစ်သည်။