ရွေးကောက်ပွဲအပြီး မွန်ပြည်နယ်လွှတ်တော်ရဲ့ နိုင်ငံရေးအခင်းအကျင်း

14-Nov-2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်အရ မွန်ပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က ကိုယ်စားလှယ်တွေမပါတော့ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ မွန်ညီညွတ်ရေးပါတီ MUP က အနိုင်ရ ကိုယ်စားလှယ်လောင်းတွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေသာ ပါဝင်လာတော့မှာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် လူထုထောက်ခံမှုအားကောင်းလာတဲ့ မွန်ပါတီကို NLDက ဘယ်လောက် နေရာပေးလာမလဲဆိုတာကို မွန်လူထုနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကလည်း စိတ်ဝင်တစား ရှိနေပါတယ်။

အစိုးရနဲ့ လွှတ်တော်အကြီးအကဲ ရွေးချယ်မှုတွေမှာ မွန်ပါတီကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ မွန်နိုင်ငံရေးလေ့လာသူ မင်းမင်းနွယ်က ပြောပါတယ်။

"အဲဒီပါတီကြီးက သူတို့တကယ်လို့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားမှာပေါ့။ သဘောက လွှတ်တော်အတွင်းမှာ မွန်ညီညွတ်ရေးပါတီကလည်း သူကလည်းနိုင်သလောက် ကိုယ်စားပြု ထားတဲ့ အနေအထားရှိတဲ့အခါကျတော့ တကယ်လို့ ပူးပေါင်းဆောင်ရွက်မှုနဲ့သွားမယ်ဆိုရင် ဒီပြည်နယ် အရေးက တစ်မျိုးတစ်ဖုံဖွံ့ဖြိုးတိုးတက်လာပြီးတော့ နိုင်ငံရေးအရ ပြေပြေလည်လည် ပြန်ပြီးတော့ အဆင်ပြေသွားမယ့် သဘောမျိုး ဆိုလိုတာက ရွေးကောက်ပွဲရလဒ်အပြင် နိုင်ငံရေးရလဒ်က ပိုပြီးတော့ ကောင်းလာမယ်လို့ မှန်းရတာပေါ့"

မွန်ပြည်နယ်မှာ မြို့နယ် ၁၀ ခု ရှိတာကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အယောက် ၂၀ ရှိပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးအနေနဲ့ ပအိုဝ်း၊ ကရင်နဲ့ ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး ၃ဦး ရှိတာမို့ စုစုပေါင်း ၂၃ ဦးရှိမှာဖြစ်ပါတယ်။

ဒီထဲမှာ NLD က ၁၇ ဦးအနိုင်ရပြီး MUP ၆ ဦးအနိုင်ရထားပါတယ်။

ပြီးခဲ့တဲ့မွန်လွှတ်တော်မှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနေရာကို NLD က တာဝန်ယူပြီး ဒုတိယ ဥက္ကဋ္ဌ နေရာကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဒေါက်တာအောင်နိုင်ဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ် မွန်လွှတ်တော်ကလည်း အခုတစ်ကြိမ်လိုပဲ NLD က အများစု နေရာရခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပါတီက ၃ နေရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အနိုင်ရခဲ့တာမို့ မွန်ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကထပ်စာရင် ဒီတစ်ကြိမ်မှာ လူထုထောက်ခံမှုအား ပိုကောင်းလာတယ်လို့ ပြောနိုင်ပါတယ်။

MUP က ကိုယ်စားလှယ်တွေများလာလို့ အစိုးရကို အရင်ကထပ် ထိန်းကျောင်းနိုင်မယ်လို့ မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်လောင်း ဒေါက်တာအောင်နိုင်ဦးက ယူဆပါတယ်။

“သူ့မြို့နယ်အလိုက် ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်တွေ ရှိနေတဲ့အခါကျတော့ အတော်အတန် ပေါ့နော်၊ ဒီအစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးရာန္တရားရဲ့ စီမံအုပ်ချုပ်မှုစနစ်တွေကို စောင့်ကြည့်ထိန်းကျောင်းမှု စနစ်တွေကို ပိုပြီးတော့အားကောင်းလာလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးငြင်းခုံတဲ့အခါကျရင် ကျွန်တော်တို့ဘက်က အားပိုရှိလာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်”

နေရာအများစုအနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက ပြည်နယ်အဆင့် အစိုးရအဖွဲ့ ကို ဖွဲ့စည်းတဲ့အခါမှာ မွန်ညီညွတ်ရေးပါတီက အနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့လည်း ဒေါက်တာအောင်နိုင်ဦးက မျှော်လင့်နေပါတယ်။

ပါတီတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။

“အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် ပေါင်းစပ်ညှိနှိုင်းပြီးတော့ မွန်ပြည်နယ် ဒေသတိုးတက်ဖို့၊ မွန်ပြည်နယ်သူ၊ ပြည်နယ်သားအားလုံး စိတ်အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ဖို့ အလုပ်အကိုင် အခွင့်အလမ်း များများရရှိဖို့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ကြရမှာပေါ့ အထိန်းအကျောင်းနဲ့ပတ်သက်လို့ အမြဲတမ်းအားကောင်းရမယ်။ အန်တီတို့ ဒုတိယအကြိမ်မှာလည်း အားကောင်းကောင်းနဲ့ ထိန်းကျောင်း ပါတယ်။ တတိယအကြိမ်မှာလည်း ဒီလိုပဲ အားကောင်းကောင်းနဲ့ ထိန်းကျောင်းရမှာပဲ။ ဒါမှ အားကောင်းကောင်းနဲ့ ထိန်းကျောင်းမှ လွှတ်တော်ရဲ့ တာဝန်ကြီးသုံးရပ်ပြည့်စုံမှာပေါ့၊ အဲတော့ ဒီတစ်ကြိမ်လည်း အစိုးရကို ကောင်းကောင်းထိန်းကျောင်းတယ်။ လာမယ့်လွှတ်တော်မှာလည်း အစိုးရကို ကောင်းကောင်းထိန်းကျောင်းရမယ်”

မွန်နိုင်ငံရေးပါတီကိုလည်း အစိုးရအဖွဲ့ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်စေချင်တယ်လို့ မော်လမြိုင်မြို့က ဒေသခံ နိုင်ပညာအောင်က ပြောပါတယ်။

“ဒီအစိုးရသက်တမ်းမှာဆိုရင် MUP ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်သင့်စေချင်တာပေါ့ နော်၊ ဘာကြောင့်လဲဆိုတော့ ဒီမွန်ပြည်နယ်မှာဆိုရင် မွန်လူမျိုးမှာ အများကြီးနေထိုင်နေတဲ့အတွက်ကြောင့် အစိုးရအဖွဲ့မှာ ပါနေမယ်ဆိုရင် ဖွံ့ဖြိုးရေးအပိုင်းမှာရော၊ ငြိမ်းချမ်းရေးအပိုင်းမှာရော တစ်ဖက်တစ်လမ်းကနေ အဆင်ပြေမယ်လို့ထင်တယ်။ နောက်ပြီးတော့ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် ဖက်ဒရယ်မူအပေါ် လျှောက်လှမ်း နေတယ်ဆိုတာ ပြည်သူတွေ သိသွားမယ်လို့ ထင်တယ်။ NLD ထုတ်ပြန်တဲ့ တိုင်းရင်းသားအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတာကတော့ ကျွန်တော်အနေနဲ့ကျတော့ လက်ခံတာ ပေါ့နော်၊ ဒါပေမဲ့ လုပ်ပုံကိုင်ပုံ ဘယ်လိုရှိလဲဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့နော်၊ ဒီ NLDရဲ့ သဘောထား အမှန်က တိုင်းရင်းသားအပေါ် ဘယ်လောက်အထိ သက်ရောက်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရအုံးမယ်’’

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်အားလုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDက ၃၄ နေရာနဲ့ မွန်ညီညွတ်ရေးပါတီMUP ၁၁ နေရာ အနိုင်ရရှိထားပါတယ်။

Crd RFA