မြန်မာ့လွတ်လပ်ရေးနေ့အတွက် နိုင်ငံတွေက ဂုဏ်ပြုသဝဏ်လွှာပို့

04-Jan-2021

ဇန်နဝါရီလ ၄ ရက် ဒီကနေ့ဟာ ၇၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တချို့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ချစ်ကြည်ရေး သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။

ဗြိတိန်ဘုရင်မကြီး Elizabeth က ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ဂုဏ်ပြုကြောင်းနဲ့ အခုလို အခက်အခဲ ကြုံကြိုက်နေတဲ့ ကာလကြီးမှာ မြန်မာပြည်သူအားလုံးအတွက် ဆုမွန်ကောင်း တောင်းပေးပါကြောင်း ဖော်ပြထားပါတယ်။

အလားတူ တရုတ်ဝန်ကြီးချုပ် Li Keqiang ကလည်း ၇၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် နွေးထွေးစွာ ဂုဏ်ပြုလိုကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုခိုင်မြဲလာတာကို မြင်တွေ့ရကြောင်း၊ ရှေ့ဆက်ပြီးလည်း ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

တောင်ကိုရီးယားသမ္မတ Moon Jae-in ကတော့ မြန်မာ-ကိုရီးယား သံတမန်ဆက်ဆံရေး ၄၅ နှစ် ရှိလာခဲ့ပြီး အခုအချိန်ဟာ ဆက်ဆံရေး အကောင်းမွန်ဆုံး အခြေအနေကို ရောက်ရှိနေကြောင်း၊ တောင်ကိုရီးယားရဲ့ New Southern နိုင်ငံခြားရေးဝါဒကို မြန်မာက ထောက်ခံအားပေးတာအတွက်လည်း ကျေးဇူးတင်ကြောင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံပြည်သူတွေ အကျိုးခံစားခွင့်ကို မျှဝေ ခံစားသွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ ရေးသားပါတယ်။

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide ကလည်း ၇၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် ဂျပန်ပြည်သူတွေကိုယ်စား ဝမ်းမြောက်ဂုဏ်ယူကြောင်း ပဏာမ ပြောဆိုပြီး ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာကို ချီးကျူးတဲ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ဂျပန်နိုင်ငံက မြန်မာကို ကြီးမားတဲ့ အကူအညီတွေ ဆက်ပေးသွားမယ်လို့ ရေးသား ဖော်ပြပါတယ်။

VOA News