ရက် ၉၀ လွန်သွားရင် ပြန်ပြီးဖြစ်နိုင်တဲ့ အခြေအနေရှိ

29-Dec-2020

ဒီရောဂါဖြစ်ပြီးရင် အေးအေးဆေးဆေးပဲ၊ နောင်ဖြစ်စရာ မလိုတော့ဘူးဆိုပြီးတော့ ထင်နေတဲ့ လူတွေလည်း ရှိပါတယ်။ အဲဒီဟာလည်း မဟုတ်ပါဘူးဆိုတာ ကျွန်မ သတိပေးပါရစေ။ ကျွန်မနားလည်သလောက်ကတော့ ပညာရှင်များ သတ်မှတ်ထားတာက ရောဂါဖြစ်ပြီးတော့ ၃ လလောက်အထိ ရက် ၉၀ ပေါ့။ ရက် ၉၀ ဆိုတော့ ၃ လလောက်အထိကို ပြန်ပြီးတော့ ရောဂါကူးဖို့ အခြေအနေ မရှိဘူးပေါ့။ မရှိသလောက်ပဲဆိုပါတော့။ ဒါပေမယ့် ရက် ၉၀ လွန်သွားလို့ရှိရင် ပြန်ပြီးတော့ ဖြစ်နိုင်တဲ့အခြေအနေ ပြန်ရောက်သွားပါတယ်။ ဒါကြောင့် တစ်ခါ ကိုဗစ်ကူးပြီးပြီဆိုရင်၊ ဖြစ်ပြီးပြီဆိုရင် နောင်ဖြစ်တော့မှာမဟုတ်ဘူး၊ ဖြစ်ရင်လည်းဖြစ်ပါစေဆိုပြီးတော့ ဒီလိုစိတ်ထဲမှာ မထားပါနဲ့။ ထပ်တလဲလဲ ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့ အခြေခံကျန်းမာရေးကိုတော့ ထိခိုက်မှာဖြစ်ပါတယ်။ အဲဒီလို အခြေခံ ကျန်းမာရေး ထိခိုက်ရုံတင်မကဘူးပေါ့။ တစ်ခါဖြစ်တိုင်းဖြစ်တိုင်း ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုတွေအတွက်ရော ဝန်ထုပ်ဝန်ပိုး ဖြစ်ပါတယ်။ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။

(Coronavirus Disease 2019 (CovID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁၁-၁၂-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)