အသက် ၆၅ နှစ်အထက် သက်ကြီးများ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း သိသာစွာမြင့်တက်

13-Dec-2020

တိုကျို   ဒီဇင်ဘာ    ၁၂

ဂျပန်နိုင်ငံ၏မြို့တော် တိုကျို၌ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူ အရေအတွက်သည် ယင်းနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားခဲ့သည့် ဩဂုတ်လ ပမာဏထက် နှစ်ဆနီးပါးများပြားလာကြောင်း အင်န်အိတ်ချ်ကေသတင်းဌာနမှ လေ့လာမှုအရ သိရသည်။

ဂျပန်နိုင်ငံ၌ နွေရာသီကာလအတွင်း ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများသည် အဓိကအားဖြင့် အသက်အရွယ် ငယ်ရွယ်သူများတွင် ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသော်လည်း လတ်တလော ကာလတွင်မူ ကိုရိုနာဗိုင်းရပ်စ်သည် အသက်အရွယ်ကြီးရင့်သူများအကြားတွင်လည်း ပျံ့နှံ့လာခဲ့သည်။ နိုဝင်ဘာလ အတွင်းက မြို့တော်တိုကျို၌ အသက်ကြီးရင့်သူများထဲတွင် ရောဂါပိုးကူးစက်မှု စစ်ဆေးအတည်ပြုခံရသူ ၁၃၄၈ ဦးရှိကြောင်း မြို့တော်အုပ်ချုပ်ရေးအရာရှိများက ပြောကြား သည်။ ယင်းအရေအတွက်သည် ဩဂုတ်လအတွင်းက ပိုးကူးစက်ခံရသူ ပမာဏထက် ၈၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။ အသက်အရွယ် ကြီးရင့်သူများအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ ဩဂုတ်လတွင် စုစုပေါင်းအရေအတွက်၏ ၉ ရာခိုင်နှုန်း၊ နိုဝင်ဘာလတွင် ၁၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဒီဇင်ဘာ ၉ ရက်တွင် ၁၅ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း အင်န်အိတ်ချ်ကေ၏ တွက်ချက်မှုတွင် ဖော်ပြသည်။

ယင်းသို့ ကူးစက်မှုအများအပြားမှာ ဆေးကုသရေးဌာန၊ လူမှုဖူလုံရေး အဆောက်အအုံများ နှင့် နေအိမ်များတွင် ဖြစ်ပွားခဲ့သည်ဟု တိုကျိုမြို့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ အသက်အရွယ်ကြီးရင့်သူများ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြရန်နှင့် နေအိမ်တွင်း၌ ကူးစက်မှုတားဆီးရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ကြရန် တာဝန်ရှိသူများက နှိုးဆော်ထားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - ဇော်ဝင်း