ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲရန် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းက မှာယူထားသော လေယာဉ်အသစ် ထပ်မံရောက်ရှိ

24-Dec-2020

ရန်ကုန် ဒီဇင်ဘာ ၂၃

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI) သည် လေယာဉ်သစ်များ ထပ်မံဖြည့်တင်းလျက် ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလမတိုင်မီ ကတည်းက မှာယူထားသော ဘရာဇီးနိုင်ငံ ထုတ် Embraer E190-100 LR XY-ALP လေယာဉ်အသစ်သည် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အတွက် ယခုထပ်မံရောက်ရှိလာသည့် လေယာဉ်သည် CDB Company က မှာယူ တင်သွင်းခဲ့သည့် လေယာဉ်ဖြစ်ပြီး ယခင် ရောက်ရှိပြီး Embraer လေယာဉ်ကဲ့သို့ပင် Long Range ပျံသန်းနိုင်သည့် အမျိုးအစား ဖြစ်ကာ အမြင့်ပေ ၄၀၀၀၀ ကျော်အထိ ပျံသန်း နိုင်ကြောင်း သိရသည်။ အဆိုပါ လေယာဉ်တွင် Business Class ထိုင်ခုံခြောက်ခုံနှင့် Economy Class ထိုင်ခုံ ၉၂ ခုံ ပါရှိပြီး ပြည်တွင်းခရီးစဉ် များတွင် ခေတ်မီလုံခြုံစိတ်ချရကာ သက်သောင့်သက်သာဖြင့် မြန်ဆန်စွာပျံသန်းသယ်ယူပို့ဆောင်ပေးနိုင်သောကြောင့် ပြည်တွင်း ခရီးသွားများ အကြိုက်တွေ့နေသည့် လေယာဉ် အမျိုးအစားလည်းဖြစ်သည်။ MAI လေကြောင်း လိုင်းသည် Embraer E190 လေယာဉ်ဖြင့် ယခုပြေးဆွဲပေးနေသည့် မြိတ်၊ စစ်တွေ၊ ထားဝယ်နှင့် ကော့သောင်းမြို့တို့အပြင် ဟဲဟိုး၊ ကျိုင်းတုံ၊ မြစ်ကြီးနားနှင့် ပူတာအိုမြို့များသို့ ၂၀၂၁ ခုနှစ်ဇန်နဝါရီလမှစတင်ကာ ထပ်မံတိုးချဲ့ ပျံသန်း ပြေးဆွဲပေးမည်ဖြစ်သလို နေပြည်တော်၊ ညောင်ဦးနှင့် မန္တလေးမြို့များသို့လည်း တိုးချဲ့ ပျံသန်းပြေးဆွဲပေးမည်ဖြစ်သည်။

MAI လေကြောင်းလိုင်းအနေဖြင့် ပြည်တွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲရာတွင် တာဝန်ထမ်း ဆောင်မည့် လေယာဉ်မှူးများ၊ လေယာဉ်အမှု ထမ်းများနှင့် မြေပြင်တွင်တာဝန်ထမ်းဆောင် မည့် ဝန်ထမ်းများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ပိုးကင်းရှင်းမှု စစ်ဆေးထားရှိပြီးဖြစ်ကာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခြင်းမရှိအောင် တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံများကို Level-2 ဝတ်ဆင်၍ တာဝန် ထမ်းဆောင်ကြ မည်ဖြစ်သည်။ ထို့ပြင် လေယာဉ်ခရီးစဉ်တိုင်း ပျံသန်းမှုမစမီနှင့် ပျံသန်းမှုပြီးဆုံးတိုင်း ပိုးသတ်ဆေးဖျန်း၍ ကာကွယ်ခြင်းလုပ်ငန်း ကို Standard Operation Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပြီး လေယာဉ်စီးခရီးသည်များ အသုံးပြုရန် အတွက် Travel Hygiene Pack များကိုလည်း ခရီးသည်တစ်ယောက်ချင်းစီသို့ ပေးဝေသွားရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း - ရဲရင့်ရှိုင်း၊ ဓာတ်ပုံ - ဖိုးသော်ဇင်