NLD နဲ့ မွန်ပါတီ ဆွေးနွေးပွဲပျက်

04-Jan-2021

ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ MUP မွန်ညီညွတ်ရေး ပါတီတို့ ဒီကနေ့တွေ့ဆုံမယ့် အစီအစဉ်ဟာ နေရာရွေးချယ်ရာမှာ သဘောထားကွဲလွဲမှုကြောင့် ပျက်ပြားသွားတဲ့အကြောင်း ပြောပြပါမယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ကို ရောက်နေတဲ့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ MUP ပါတီကိုယ်စားလှယ်တွေနဲ့ ဒီကနေ့တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့ တွေ့မယ့်နေမယ့်နေရာ ရွေးချယ်ရာမှာ သဘောတူညီမှု မရခဲ့တာကြောင့် ပျက်ပြားသွားပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီးနောက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး လက်တွဲဆောင်ရွက်ဖို့ တိုင်းရင်းသားပါတီတွေကို ကမ်းလှမ်းခဲ့ပြီးနောက် ဒီနှစ်ဆန်းကစလို့ တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံနေတာပါ။ ဒါပေမဲ့လည်း မွန်တိုင်းရင်းသား ပါတီ MUP နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကတော့ အထမမြောက်ခဲ့ဘူးလို့ MUP မွန်ညီညွတ်ရေးပါတီတွဲဖက်အတွင်းရေးမှူး နိုင်လယီတမကပြောပါတယ်။

“သူတို့ဘက်က NLD ပြည်နယ်ရုံးမှာတွေ့ဖို့ ကျနော်တို့ကိုကမ်းလှမ်းတယ်။ ကျနော်တို့ဘက်က ပါတီချင်းအပြန်လှန်လေးစားမှု အပြန်အလှန် တန်းတူထားရှိမှုအပေါ်အခြေခံပြီး ကျနော်တို့က တတိယနေရာတခုခုမှာ တွေ့ဆုံနိုင်ဖို့အတွက် ကျနောတို့ NLD ပါတီကို ၃ ကြိမ်တိတိမေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီ ၃ ကြိမ်တိတိမေတ္တာရပ်ခံတဲ့အပေါ်မှာ တတိယနေရာမှာ တွေ့မလား၊ မတွေ့ဘူးလားဆိုတာ ဒီအချိန်ထိက NLD ဘက်က တရားဝင် ကျနော်တို့ကို အကြောင်းပြန်တာမျိုး မရှိသေးပါဘူး။ အခုဆွေးနွေးပွဲက NLD ဘက်က ဖျက်သိမ်းလိုက်ပြီးလား ကျနော်တို့ဘက်ကို တရားဝင် အကြောင်းပြန်တာမျိုး မရှိသေးဘူး။ သူတို့ NLD ပြည်နယ် ပါတီရုံးက လွဲရင် တခြားနေရာမှာ ဘယ်နေရာမှမတွေ့ဘူး အခြေအနေမှာ အဆင်မပြေမှုတွေ ရှိခဲ့ကြပါတယ်။”

NLD ကိုယ်စားလှယ်အဖွဲ့ကအနေနဲ့ ပါတီဗဟိုက ချမှတ်ထားတဲ့အတိုင်း ပါတီပြည်နယ်ရုံးမှာပဲ တွေဆုံဖို့ စောင့်ဆိုင်းနေပြီး မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်တွေ မလာတာကြောင့် တွေ့ဆုံမယ့် အစီအစဉ် ပျက်ရတာလို့လည်း ဒေါက်တာအောင်မိုးညိုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒီမှာလည်းပဲ တွေ့မယ်ဆိုတော့ကာ သူတို့က မွန်ပြည်နယ်၊ ပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ရုံး ဒီရုံးမှာလာပြီး မတွေ့နိုင်ပါဘူးတဲ့။ ကြားနေတစ်နေရာမှာ တွေ့ရအောင်လို့ ကျနော်တို့ကို ပြောတယ်။ အဲဒါမျိုးက ကျနော်တို့က ဒီမှာပဲ တွေ့ ဖို့ ဆုံးဖြတ်ထား တယ်။ အထက်ကလည်း ဒီမှာပဲတွေ့ဖို့ ညွှန်ကြားတယ်။ အဲဒါကြောင့် ဒီမှာပဲစောင့်နေတယ်။ သူတို့ က ဟိုမှာရုံးမှာလာပြီး အစိုးရ ဧည့်ရိပ်သာမှာ လာပြီးတွေ့မယ်။ အဲဒီလိုနေရာ မျိုးမှာ တွေ့လို့မရဘူး။ လူကြီးတွေက ဒီနေရာမှာ တွေ့ဖို့ ဆုံးဖြတ်ထားလို့ ဒီနေရာမှာပဲ စောင့်နေတယ်။ ၉ နာရီခွဲအထိ ချိန်းထားတယ်။ ၁၀ နာရီအထိ ကျနော်တို့ စောင့်တယ်။ အဲဒီတော့စောင့်ပါတယ်။ မွန်ညီညွတ်ရေးပါတီ MUP အဖွဲ့ ရောက်မလာပါဘူးလို့ တင်ပြအစီရင်ခံရမှာပေါ့။”

NLD ကိုယ်စားလှယ်အဖွဲနဲ့ မွန်ညီညွတ်ရေးပါတီတို့အကြား နေရာရွေးချယ်မှု ပြဿနာကြောင့် တွေ့ဆုံဆွေးနွေးရေး အစီအစဉ် ပျက်ပြားသွားတဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ထားပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ပေါ့လေ။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လက်တွေ့ကျကျ ဖေါ်ဆောင်နိုင်ဖို့ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပြီးတော့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးဖို့ အရေးကြီးတယ်လို့ မြင်တယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေးအထမြောက်ဖို့ဆိုရင် ပါတီရဲ့ပြည်နယ်ရုံးမှာပဲ တွေ့ဆုံမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီ သတ်မှတ်ချက်ကို မပြင်ဆင်နိုင်ဘူး ဒီ သတ်မှတ်ချက်အတိုင်းပဲ ရှေ့ကိုဆက်မယ်ဆိုရင် အခြားပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ အခက်ခဲတွေအဆင်မပြေမှုတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ မြင်တယ်။ တွေ့ဆုံဆွေးနွေးတဲ့နေရာက တိုင်းရင်းသားပါတီတွေဘက်က အဆိုပြုသလို တတိယနေရာတခုဆိုတာက ဒါကအင်မတန်လျော်ကန် သင့်မြတ်တဲ့ ချဉ်းကပ်မှုလို့ မြင်တယ်။ ပြီးတော့သွားနေတဲ့ခရီးဟာ ဒီမိုကရေစီခရီးဖြစ်တယ်။ ဒီဗဟိုချုပ်ကိုင်မှု ကြိုးနီစနစ်တွေကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ မြင်တယ်။”

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးအစီအစဉ်အရ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ကို တာဝန်ပေးအပ်ထားတာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ကချင်ပြည်နယ်မှာ ဒေသတွင်း အနိုင်ရ ပါတီတွေဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDP – K ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။

ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားနိုင်ငံရေး ပါတီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုမှာ NLD ပါတီကနေ အမျိုးသားညီညွှတ်ရေး အစိုးရဖွဲ့တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင်၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ၁၉၄၇ ပင်လုံကတိကဝတ်တို့ကို အကောင်အထည်ဖော်ပေးဖို့ ကိစ္စရပ်တွေတင်ပြခဲ့ပါတယ်။

ဒါပေမဲ့ NLD အနေနဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP နဲ့ တွေ့ဆုံမှုမှာ ပါတီအနေနဲ့ တွေ့ဆုံတာ မဟုတ်ဘဲ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တွေနဲ့သာ တွေ့ဆုံတဲ့အတွက် ပါတီကိုကိုယ်စားမပြုဘူးလို့ KSPP ပါတီခေါင်းဆောင်တွေကဝေဖန်မှုတွေ ရှိနေပါတယ်။

ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ လက်တွဲဖို့ ဆန္ဒရှိကြောင်း နိုဝင်ဘာလမှာ ကမ်းလှမ်းလာပြီးနောက်ပိုင်း အခုလိုတွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာတာဖြစ်ပြီး အဆင်မပြေမှု တချို့လည်း ရှိလာခဲ့ပါတယ်။

VOA News