Myanmar Now အယ်ဒီတာချုပ်ပစ်ခတ်ခံရမှု စုံစမ်းဖော်ထုတ်ဖို့ RSF တိုက်တွန်း

03-Dec-2020

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း အမည်မသိ သေနတ်သမားတွေက ချောင်းမြောင်းပစ်ခတ် လုပ်ကြံဖို့ ကြိုးပမ်းမှုအတွက် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတခု ပြုလုပ်ပေးဖို့ ပြင်သစ်အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ Myanmar Now သတင်းဌာနရဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ သံတွဲမြို့ကြားက ကိုဆွေးဝင်းနဲ့အဖွဲ့ရဲ့ ခရီးစဉ် အသေးစိတ်ကို မြို့နယ်ရဲစခန်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးတွေက လိုက်လံစုံစမ်းနေတာ သိရှိခဲ့ရကြောင်း ဖေါ်ပြပါတယ်။ ကိုဆွေးဝင်း သေနတ်နဲ့ ပစ်ခံရပြီးနောက်ပိုင်း သံတွဲခရိုင် အုပ်ချုပ်ရေးမှူးက ဂွမြို့နယ် ရဲတပ်ဖွဲ့ အရာရှိတွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ကိုဆွေဝင်း သူတို့ဒေသထဲ ရောက်ရှိနေတာကိုတောင် မသိရှိကြောင်း ဖြေကြားခဲ့တယ်လို့ Myanmar Now က ရေးပါတယ်။ ကိုဆွေဝင်းကို ပစ်လိုက်တဲ့ ကျည်ဆံဟာ သူစီးလာတဲ့ ဆူပါကာစတန် ကားတခါး လက်ကိုင်ကို ထိပြီး ကားထဲကို ဖေါက်ဝင်လာတဲ့ ကျည်က ကိုဆွေဝင်း ခြေထောက်ကို ထိမှန်ခဲ့လို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။

ဒါကြောင့် သတင်းထောက်တွေအပေါ် အသက်အန္တရာယ် ကျရောက်စေမယ့် အခုလို ပစ်ခတ်လုပ်ကြံတဲ့ ကြိုးပမ်းမှုဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုကိုပါ ခြိမ်းခြောက်နေတဲ့အတွက် ဒါကို လွတ်လပ်တဲ့ စုံစမ်းဖေါ်ထုတ်မှု လုပ်ပေးစေလိုတယ်လို့ RSF ရဲ့ ကြေညာချက်ထဲမှာ အဖွဲ့ရဲ့တာဝန်ခံ Daniel Bastard က တိုက်တွန်းထားပါတယ်။

တကယ်တော့ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့လွန်ခဲ့တဲ့ ၁၁ လကျော်က ဖြစ်ပွားခဲ့တဲ့ ကိုဆွေဝင်းရဲ့ ဒီဖြစ်ရပ်ကို Myanmar Now သတင်းဌာနက နိုဝင်ဘာ ၂၆ ရက်နေ့ကျမှ သတင်းထုတ်ပြန်လိုက်ရာက သတင်းလောကကြား ပိုဂယက်ရိုက် သွားတာပါ။

Myanmar Now ဟာ မြန်မာနိုင်ငံတွင်း မတရားတဲ့ လုပ်ရပ်နဲ့ဖြစ်ရပ်တွေကို စုံစမ်းထောက်လှမ်းတဲ့နည်းနဲ့ ရေးသားတင်ပြနေတဲ့ သတင်းဌာနတခုဖြစ်ပြီး အမျိုးသားရေးဝါဒီအဖြစ် ကြွေးကြော်ထားတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူနဲ့ ပတ်သက်လို့ သတင်းရေးသားခဲ့ရာက ၂၀၁၇ ဂျူလိုင်လမှာ ကိုဆွေဝင်း အဖမ်းဆီးခံရပြီး ပြန်လွတ်လာပေမယ့် တောက်လျှောက် အမှုရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၉ ဂျူလိုင်လမှာ အဲဒီအမှုကို အပြီးတိုင် ရုပ်သိမ်းခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ RSF အဖွဲ့က ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀)ကိုစစ်တမ်းကောက်ရာမှာ ၂၀၂၀ ခုနှစ်အတွက် မြန်မာနိုင်ငံဟာ အဆင့် (၁၃၉)မှာ ရှိပါတယ်။

VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။