ကိုဗစ်ကာကွယ်ဆေးကို ဆင်းရဲတဲ့နိုင်ငံတွေက နောက်ဆုံးမှရမယ့် ပြဿနာရှိနေလား

13-Dec-2020

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာ ဆေးကုမ္ပဏီကြီးတွေက ကာကွယ်ဆေးအမျိုးမျိုး စမ်းသပ်နေကြရာမှာ အမေရိကန်အခြေစိုက် ဆေးကုမ္ပဏီကြီးဖြစ်တဲ့ ဖိုက်ဇာက ထုတ်လုပ်တဲ့ ကာကွယ်ဆေးနဲ့ ရုရှားနိုင်ငံမှာ အစိုးရက ကြီးကြပ်ထုတ်လုပ်တဲ့ စပွတ်နစ် အမှတ်(၅) ကာကွယ်ဆေး နှစ်ခုသာလျှင် စမ်းသပ်မှု ပြီးမြောက်အောင်မြင်ကြောင်း ကြေညာထားနိုင်ကြပါသေးတယ်။

ဒီလို စမ်းသပ်မှု ပြီးမြောက်ထားတဲ့ ကာကွယ်ဆေးနှစ်ခုကို ကြွယ်ဝတဲ့ နိုင်ငံတွေ၊ အဓိကအားဖြင့် အနောက်ဥရောပ နိုင်ငံတွေက သူတို့ ပြည်တွင်း ဆေးဝါးစိစစ်ရေး အဖွဲ့တွေက အတည်ပြုချက် မပေးခင်မှာတင် သန်းရာနဲ့ချီပြီး ကြိုတင်မှာယူထားလိုက်ကြတဲ့ နောက်ခံအခြေအနေမှာ ဆင်းရဲတဲ့နိုင်ငံတွေက လူဆယ်ယောက်မှာ ကိုးယောက်လောက်အထိ နောက်နှစ်မှာ ကာကွယ်ဆေးမရနိုင်သေးတဲ့ ပြဿနာ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ ပရဟိတအဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အများအတွက် ကာကွယ်ဆေးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့က သတိပေးလိုက်ပါတယ်။

ခုခံအားကျဆင်းမှုရောဂါပိုးဆိုင်ရာ ကျွမ်းကျင်သူ လွိုက်စ် ချင်ဂန်းဒူကလည်း သူ့မွေးရပ်နိုင်ငံဖြစ်တဲ့ ဇင်ဘာဘွေမှာဆိုရင် ကိုဗစ်ကာကွယ်ဆေး ဘယ်တော့ရမလဲဆိုတာ အခုထိ မသေချာသေးဘူးလို့ ဆိုပါတယ်။

သူ ၁၉၉၀ ပြည့်လွန် အစောပိုင်းကာလတွေက ဇင်ဘာဘွေမြိုတော် ဟရားရေးမြို့အတွင်း ခုခံအားကျဆင်းမှု ရောဂါသည်တွေကို ကူညီစောင့်ရှောက်ခဲ့တဲ့အချိန်မှာ သေဆုံးမှု ကာကွယ်နိုင်တဲ့ ဆေးရှိရဲ့သားနဲ့ ငွေကြေးမတတ်နိုင်လို့ ထောင်နဲ့ချီပြီး သေကြတာကို မြင်ခဲ့ရဘူးတော့ ကိုယ်မွေးလာတဲ့ နိုင်ငံအနေအထားကြောင့် ဆေးရှိရဲ့သားနဲ့ ကိုဗစ်ကြောင့် သူကိုယ်တိုင် သေဆုံးတဲ့အထဲ ပါသွားမှာကိုတောင် စိုးရိမ်တယ်လို့ ဆိုပါတယ်။

ချင်ဂန်းဒူးဟာ အများအတွက် ကာကွယ်ဆေးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်နေသူဖြစ်ပြီး ဒီအဖွဲ့ဟာ အထူးသဖြင့် အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ၊ ယူကေနဲ့ ကနေဒါနိုင်ငံတွေက ထွက်လာမယ့် ကာကွယ်ဆေးတွေကို ကြိုတင် စာချုပ်ချုပ် ဝယ်ယူနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ လှုပ်ရှားမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

တချို့နိုင်ငံတွေဆိုရင် ရှိတဲ့လူဦးရေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးပမာဏရဲ့ သုံးဆအထိ ကြိုတင်စာချုပ် ဝယ်ယူထားကြပြီး ကနေဒါနိုင်ငံဆိုရင် ငါးဆအထိတောင် လောက်ငှနိုင်တဲ့ ကာကွယ်ဆေးပမာဏ ဝယ်ယူဖို့ စာချုပ်ထားတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကာကွယ်ဆေး ပျံ့နှံ့ရောက်ရှိဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့တကွ နိုင်ငံတကာ ကိုဗစ်ကာကွယ်ဆေး ဖြန့်ကြက်ရရှိရေး အဖွဲ့တွေက Covax ဆိုတဲ့ အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်မှု ရှိနေပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံအထိ ပါဝင်နေကြပေမယ့် ချို့တဲ့နိုင်ငံတွေ အားလုံးအတွက် လုံလောက်မှု မရှိသေးတဲ့ အနေအထား ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ Covax အဖွဲ့ထဲမှာ ပါဝင်တဲ့ နိုင်ငံတွေထဲမှာ ဝင်ငွေနည်း ဒါမှမဟုတ် အလယ်အလတ်တန်း ဝင်ငွေရှိတဲ့ နိုင်ငံ ၉၂ နိုင်ငံ အတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ကျန်နိုင်ငံတွေရဲ့ အလှူငွေနဲ့ ပေးချေဖို့ စီစဉ်ထားပေမယ့် ကျန်နိုင်ငံတွေအားလုံးက ကာကွယ်ဆေးအတွက် ငွေကြေးထည့်ဝင်ရမှာ ဖြစ်ပြီး ဒီအထဲမှာ ပါဝင်တဲ့ မက္ကဆီကိုဆိုရင် ပါဝင်ဖို့ ငွေကြေးထည့်ဝင်ထားခဲ့ရပါတယ်။

အခုလို အဖွဲ့အစည်းအနေနဲ့ ဆေးကုမ္ပဏီတွေနဲ့ ညှိနှိုင်းမှာ ဖြစ်တဲ့အတွက် တစ်နိုင်ငံချင်း ညှိနှိုင်းတာထက် ဈေးသက်သာနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပေမယ့် ချို့တဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေ နောက်ကျပြီးမှ ရနိုင်တဲ့ အနေအထားကတော့ ရှိနေနိုင်ပါတယ်။

မက္ကဆီကို နိုင်ငံရဲ့ ကာကွယ်ဆေးဝယ်ယူရေးဆိုင်ရာ ထိပ်တန်းညှိနှိုင်းရေးမှူးတစ်ဦးဖြစ်တဲ့ မာသာ ဒယ်လ်ဂါဒိုကလည်း သူတို့ Covax အဖွဲ့ထဲမှာ ထည့်ဝင်ထားတဲ့ ပမာဏက မက္ကဆီကိုနိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက်သာဖြစ်ပြီး သူတို့ ဝယ်ယူဖို့ သဘောတူနိုင်ခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေး အမျိုးမျိုးကို ပြည်တွင်း ဆေးဝါးစိစစ်ရေးက အတည်ပြု မပေးသေးပါဘူး။

ဒီလို ဖြစ်နေတဲ့ အခြေအနေမှာ Covax အဖွဲ့ကတစ်ဆင့် ရမယ့် ကာကွယ်ဆေးကို စောင့်မနေဘဲ ဆေးကုမ္ပဏီတွေနဲ့ တိုက်ရိုက်ဆွေးနွေးထားပြီး ဆေးကုမ္ပဏီ သုံးခုနဲ့ သဘောတူညီမှု ယူထားပြီးဖြစ်တယ်လို့ ဒယ်လ်ဂါဒိုက ပြောပါတယ်။

ဒါပေမဲ့ မက္ကဆီကိုနိုင်ငံလို ကြိုတင်စာချုပ်ထားဖို့ ငွေကြေးမတတ်နိုင်တဲ့ လက်တင်အမေရိကနိုင်ငံတွေ အနေနဲ့ ဘယ်အချိန် သူတို့ ကာကွယ်ဆေးရမလဲဆိုတာ အာမခံချက် မရှိဘူးလို့လည်း သူက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံဆိုရင်လည်း မက္ကဆီကိုလိုပဲ Covax အဖွဲ့ထဲမှာ ပါဝင်ပေမဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီတွေအားလုံး ဆွေးနွေးထားခဲ့ရပါတယ်။

ပါကစ္စတန်အနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို ချမ်းသာတဲ့နိုင်ငံတွေနဲ့ အပြိုင်ဝယ်ယူဖို့ ကြိုးစားနေရပြီး ကာကွယ်ဆေးတွေ ထွက်ကာစမှာရတဲ့ ဆေးအကန့်အသတ်ရှိမှာဖြစ်တဲ့အတွက် အလုအယက် ဝယ်ယူရတာတွေ ဖြစ်လာမှာပဲလို့ ပါကစ္စတန် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေးဝယ်ယူမှု ညှိနှိုင်းရေး တာဝန်ယူရသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ ဖိုက်ဇဲ ဆူလ်တန်က ပြောပါတယ်။

ပါကစ္စတန်အနေနဲ့ ဒီကာကွယ်ဆေးတွေ ဝယ်ယူဖို့ ညှိနှိုင်းမှု အခြေအနေကောင်းနေပေမယ့် ဘယ်လောက်ဝယ်လို့ရမလဲ ဆိုတာကို အာမခံချက် မရသေးတဲ့ အခြေအနေရှိရာမှာ တကယ်ထိရောက်မှု ရှိမရှိ မသေချာဘဲ ဝယ်လိုက်လို့လည်း မဖြစ်သေးဘူးလို့ သူက ပြောပါတယ်။

လောလောဆယ်မှာ ပါကစ္စတန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေက တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ CanSinoBio ရဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ ကူညီလုပ်ဆောင်ပေးနေပြီး ဒီလို ကူညီပေးနေတဲ့အတွက် ထွက်လာမယ့် ကာကွယ်ဆေး ရမရ ကတော့ အာမခံချက် မရှိဘူးလို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရရှိရေးက စီးပွားရေးသက်သက်နဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ နိုင်ငံတကာဆေးကုမ္ပဏီကြီးတွေ အခြေစိုက်တဲ့ နိုင်ငံကြီးတွေနဲ့ သံတမန်ဆက်ဆံရေး ကောင်းဖို့ကလည်း အရေးကြီးတယ်လို့ မာသာ ဒယ်လ်ဂါဒိုက ပြောပါတယ်။

လွိုက်စ် ချင်ဂန်းဒူးနဲ့တကွ အများအတွက် ကာကွယ်ဆေးဆိုင်ရ ညွန့်ပေါင်းအဖွဲ့ကတော့ သံတမန်ဆက်ဆံရေး လမ်းကြောင်းနဲ့ Covax အဖွဲ့ထဲဝင်တဲ့ လမ်းကြောင်းတို့ထက်ကပိုပြီး ရှေ့တိုးဖို့ လိုအပ်တယ်လို့ ယူဆကြပါတယ်။

ဆေးကုမ္ပဏီတွေဘက်က သူတို့ထုတ်ဖို့ကြိုးစားနေတဲ့ ကာကွယ်ဆေးတွေနဲ့ သက်ဆိုင်တဲ့ အသိပညာ မူပိုင်ခွင့် ကန့်သတ်ထားတဲ့ အချက်အလက်တွေကို ဝေငှကြခြင်းအားဖြင့် ကုမ္ပဏီပိုင်မဟုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတစ်ခုထွက်လာဖို့ ဒီအဖွဲ့က မျှော်လင့်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် WTO က ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့် ကန့်သတ်ချက်တွေ ပယ်ဖျက်ဖို့ ဆွေးနွေးခဲ့ရာမှာ ရလဒ်ကို လာမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ ကြွယ်ဝတဲ့ နိုင်ငံအများစုကတော့ ဒီလိုလုပ်ဖို့ မလိုလားကြဘူး ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ အနေအထားအရ ဆိုရင် တချို့နိုင်ငံတွေမှာ ကိုဗစ်ကြောင့် လူသေဆုံးမှုမရှိတော့ဘဲ ပုံမှန်ပြန်ဖြစ်သွားနိုင်ခြေရှိပေမယ့် တချို့နိုင်ငံတွေမှာတော့ ကိုဗစ်ကြောင့် ဆက်ပြီး လူတွေ သေဆုံးနေနိုင်ခြေ ရှိမယ့် အလားအလာကို မြင်နေရတယ်လို့ ချင်ဂန်းဒူးက ပြောဆို သုံးသပ်ထားပါတယ်။

BBC News