ကန်ရွေးကောက်ခံ ဒုသမ္မတKamala Harris ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူ

30-Dec-2020

COVID 19 ရောဂါ ဖြစ်ပွား ကူးစက်မှုတွေမြင့်တက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေး ထိုးနှံပေးတဲ့ အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ ရွေးကောက်ခံ ဒုတိယသမ္မတ Kamala Harris နဲ့ သူ့အမျိုးသား Doug Emhoff တို့ အင်္ဂါနေ့က ကိုဗစ် ကာကွယ်ဆေး ထိုးခဲ့ပါတယ်။

"ဒီကနေ့ ကျွန်မ Moderna ဆေးကုမ္ပဏီထုတ်ကာကွယ်ဆေး ထိုးခဲ့ပါတယ်။ ကျွန်မအမျိုးသားလည်း ဒီကနေ့ တရက် တည်း ကာကွယ်ဆေး ထိုးမှာဖြစ်ပြီး ဒုတိယ ထိုးဆေး ဆက်အထိုးခံဖို့ ကိုလည်း စောင့်မျှော်နေပါတယ်။ အခုလို ကာကွယ်ဆေးထိုးတာက လူ့အသက်တွေကို ကယ်ဆယ်ပေးနေတာဖြစ်ပါတယ်လို့ ဒုသမ္မတလောင်း Kamala Harris ကပြောပါတယ်။"

တစ်ချိန်တည်းမှာပဲ ဒီမိုကရက် ရွေးကောက်ခံ ဒုတိယ သမ္မတ Kamala Harris ရဲ့ ဇာတိ ပြည်နယ် ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် မှာ COVID-19 ကူးစက်သူလူနာသစ်တွေတိုးလာနေတာကြောင့် ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ နေရာ နှစ်ခုမှာ မလိုအပ်ဘဲအိမ်ပြင်မထွက်ရ stay-at-home အမိန့် အင်္ဂါနေ့မှာ သက်တမ်းတိုး ချမှတ်လိမ့်မယ်လို့ ခန့်မှန်း ရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က central Joaquin Valley နဲ့Southern California ဒေသ ဆေးရုံ အရေးပေါ် ဌာနတွေမှာ လူနာ တွေနဲ့ပြည့်နေပြီး ယာယီလူနာဆောင်တွေဆောက်ထားရသလို အခြေအနေတွေက စိုးရိမ်စရာဖြစ်နေတာပါ။

အမေရိကန်မှာကယ်လီဖိုးနီးယားပြည်နယ်က လတ်တလော COVID-19 ကူးစက်မှုဒဏ်ကို အဆိုးဆုံးခံနေရတာဖြစ်ပြီး Johns Hopkins တက္ကသိုလ် စာရင်းတွေအရ ကူးစက်သူ ၂.၁ သန်းကျော်နဲ့ သေဆုံးသူ ၂၄,၄၀၀ ကျော်ရှိပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ ခရီးမထွက်ကြဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေတဲ့ ကြားက လူတွေစည်းကမ်းတွေကို မလိုက်နာ တာ ကြောင့် အခုလို ကူးစက်သူ အရေအတွက် များပြီးရင်းများလာတာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုး Gavin Newsom က တနင်္လာနေ့ ကပြောပါတယ်။

အခုထိ အမေရိကန်မှာ COVID-19 ကူးစက်သူ ၁၉.၂ သန်းနဲ့ သေဆုံးသူ ၃၃၄,၀၀၀ ကျော်ရှိပါတယ်။ တကမ္ဘာလုံး အတိုင်းအတာ နဲ့ COVID-19 ကူးစက်သူ ၈၁ သန်းနဲ့ သေဆုံးသူ ၁.၇ သန်းရှိပါတယ်။

VOA News