ကိုဗစ်ကာကွယ်ဆေး အစောတလျင်ရဖို့ မြန်မာကြိုးပမ်းနေ

13-Dec-2020

ကမ္ဘာမှာ ကိုဗစ်ကာကွယ်ဆေး စရလာချိန် မြန်မာနိုင်ငံမှာလည်း ရှေ့နှစ် ဧပြီ၊ မေ၊ ဇွန်လလောက်ထက် ပိုအစောဆုံးရနိုင်အောင်နဲ့ ထိရောက်အောင် ကြိုးစားနေတယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဒုဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ရဲ့ မြန်မာနိုင်ငံက တဦးတည်းသော အဖွဲ့ဝင်လည်းဖြစ်တဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းကို ဒီကာကွယ်ဆေး အစောဆုံး ဘယ်တော့ရနိုင်မလဲလို့ ကိုဝင်းမင်းက မေးရာမှာ ခုလိုစရှင်းပြပါတယ်။

ဒေါက်တာစောဝင်း - “အဲဒါကတော့ ကျနော်တို့လည်း လောလောဆယ်တော့ မှန်းဆချက်ပဲရှိသေးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့အနေနဲ့ တခုကတော့ COVAX Facility လို့ခေါ်တာပေါ့၊ ဒီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နောက် Gavi လို့ခေါ်တဲ့ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ပေါ့၊ အဲဒီအဖွဲ့ကြီးတွေက ရဖို့မှန်းဆထားတာတော့ ၂၀၂၁ ရဲ့ ဒုတိယသုံးလပတ်လောက်မှာ ကျနော်တို့လို နိုင်ငံတွေကို လူဦးရေရဲ့ ၃ ရာခိုင်နှုန်း ပေးနိုင်မယ်ပေါ့။ နှစ်မကုန်ခင်မှာ နောက်ထပ် ၁၇ ရာခိုင်နှုန်း ပေးပြီးတော့ ၂၀၂၁ အကုန်မှာတော့ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးပြီးသား ဖြစ်ရမယ်လို့ မှန်းဆထားပါတယ်။ နောက်နည်းတလမ်းကတော့ နိုင်ငံအချင်းချင်း ဆက်သွယ်ပြီးတော့ သူတို့နိုင်ငံကထုတ်တဲ့ ကာကွယ်ဆေးတွေ ဝယ်တာပေါ့။ နောက်တခုကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေက ကာကွယ်ဆေးတွေ သွင်းလာပြီးတော့ ဖြန့်ဖြူးတာလည်း ရှိနိုင်ပါတယ်။”

ကိုဝင်းမင်း - အဲဒီရမယ့် ၃ ရာခိုင်နှုန်းနဲ့ ကျနော်တို့နိုင်ငံက တနိုင်ငံချင်း ဝယ်တာရော၊ နောက် ပုဂ္ဂလိကက သွင်းတာရောက ဘယ်လောက်လောက် အစောဆုံးထိုးနိုင်မယ့်ကာလမှာ မှန်းလို့ရမလဲ၊ ဧပြီ၊ မေ၊ ဇွန်ပေါ့။

ဒေါက်တာစောဝင်း - “ခုန COVAX ကရမှာ ၂၀ ရာခိုင်နှုန်းပေါ့၊ အဲ့တော့ ကျနော်တို့က နောက်ထပ် ၂၀ ရာခိုင်နှုန်း ထပ်ဝယ်ဖို့ စိတ်ကူးထားပါတယ်။ ၂၀၂၁ ကုန်မှာ ၄၀ ရာခိုင်နှုန်းပေါ့။ ခုနပြောတဲ့ Government to Government ဝယ်တာတို့၊ ပုဂ္ဂလိက သွင်းတာတို့တော့ လောလောဆယ် ကျနော်တို့ မှန်းဆလို့ မရသေးပါဘူး။ နိုင်ငံအများစုက လိုချင်တာကိုး။ သို့သော် တတ်နိုင်သလောက် စောအောင်တော့ လုပ်ချင်ပါတယ်။”

ကိုဝင်းမင်း - ရှေ့နှစ် ဒုတိယသုံးလပတ် ဧပြီ၊ မေ၊ ဇွန်မှာ သေချာသလောက်ရှိတာက လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဆိုတော့ အဲဒါကို အထိရောက်ဆုံးဖြစ်အောင်။

ဒေါက်တာစောဝင်း - “သေချာသလောက်ရှိပါတယ်။ ကျနော်တို့က ဦးစားပေး အစီအစဉ်လေးတွေ ဆွဲထားရပါတယ်။ ဦးစားပေးထားတာတော့ ကျန်းမာရေးဝန်ထမ်းတွေပေါ့၊ အစိုးရဝန်ထမ်းရော၊ ပုဂ္ဂလိကတော့ နည်းနည်းလေး နောက်ကျမယ်။ ပြီးတော့ စေတနာ့ဝန်ထမ်းတွေ၊ ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်လို့ အဓိကလုပ်နေရတဲ့ လူတွေပေါ့။ အန္တရာယ်အရှိဆုံးလူတွေကို အရင်ထိုးမယ်။ အဲဒီနောက်မှာတော့ ရောဂါပိုးဝင်ရင် ပြဿနာတက်နိုင်တဲ့ ၆၅ နှစ်အထက်တွေကို စထိုးမယ်၊ ဒီ ပထမ ၃ ရာခိုင်နှုန်းက။ တကယ်လို့ ဒီ ၃ ရာခိုင်နှုန်းက ၆၅ နှစ်အထက်ကလည်း မြန်မာတပြည်လုံးဆိုရင်တော့ တော်တော်ရှိတာကိုး။ အဲလို ဦးစားပေးအစီအစဉ် ဆွဲရမယ်ဆိုရင်တော့ အဖြစ်များတဲ့ ပြည်နယ် တိုင်းတွေကို ဦးစားပေးရမှာပေါ့။ အခုအခြေအနေဆိုရင်တော့ ရန်ကုန်တို့ မန္တလေးတို့က ဦးစားပေးထဲမှာ ပါမှာပေါ့။ နောက်တဆင့်တဆင့်ဆီကတော့ အသက်ကြီးပြီးတော့ ဒီ့ထက် အသက်ငယ်တဲ့ဆီ ဆင်းသွားမယ်။ နောက် Comorbidity လို့ခေါ်တဲ့ ဆီးချို၊ သွေးတိုးရှိတဲ့လူတွေ၊ ဒီ့ထက်ငယ်ပေမယ့် အဲဒါမျိုးရှိတဲ့လူတွေ၊ နောက် အလုပ်သမားတွေ မလုပ်မဖြစ် တာဝန်ယူရတဲ့လူတွေ၊ အများနဲ့ ထိတွေ့ဆက်ဆံရတဲ့လူတွေ၊ အဲဒီ အစီအစဉ် ဆွဲထားပြီးသား ရှိပါတယ်။”

ကိုဝင်းမင်း - ရှေ့နှစ်အကုန်ကျရင် ဖြစ်လာဖို့များတဲ့ အဲဒီ ၄၀ ရာခိုင်နှုန်းကရော စုစုပေါင်း ထိရောက်မှုအနေအထား။

ဒေါက်တာစောဝင်း - “ထိရောက်ပါတယ်။ ဘာလို့လဲဆိုတော့ ၄၀ ရာခိုင်နှုန်းဆိုတာ ဒီလို ကျနော်တို့ဆီမှာ ဒီဆေးတွေက ၁၈ နှစ်အောက်တွေကို ထိုးဖို့ Recommend မလုပ်ထားဘူး။ ၁၈ နှစ်အောက်က ကျနော်တို့ဆီမှာ ၃၃ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲ့တော့ ကျန်တာ ၆၇ ရာခိုင်နှုန်းပေါ့။ ကျနော်တို့က ၄၀ ဆိုတာ ခုန Government က သွင်းမယ်၊ ပုဂ္ဂလိက သွင်းတာတွေ ရှိတယ်ဆိုရင်လည်း ဒီထက် များလာပြီးတော့ ၂၁ ခုနှစ်အကုန်မှာ ၁၈ နှစ်အောက်မပါဘဲ ကျန်တဲ့ ၆၇ ရာခိုင်နှုန်း ပြည့်သွားနိုင်ပါတယ်။ တော်တော်များများ အကာအကွယ်ရမှာပါ။ ဒီရောဂါရဲ့ သဘာဝက Herd Immunity လို့ ခေါ်တာပေါ့နော်၊ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရလို့ရှိရင် ကူးစက်မှုကို ဖြတ်တောက်နိုင်မယ်လို့ မျှော်လင့်ထားတယ်။”

ကိုဝင်းမင်း - အစောဆုံး အခုကနေစရင် ၄ လကနေ စထိုးနိုင်ဖို့။

ဒေါက်တာစောဝင်း - “၄ လဆိုတာ နောက်အကျဆုံးဖြစ်မယ်လို့ထင်တယ်။ ကျနော့်အမြင်တော့ COVAX ကလာတာက နောက်အကျဆုံးလောက် ဖြစ်နိုင်ပါတယ်။ ကြားထဲမှာတော့ ဒီ့ပြင်နည်းလမ်းတွေလည်း လာနိုင်ပါတယ်။”

ကိုဝင်းမင်း - အဲ့တော့ ကာကွယ်ဆေးထိုးဖို့အတွက်ရော မြန်မာနိုင်ငံက အဆင်သင့်ဖြစ်ရဲ့လား။

ဒေါက်တာစောဝင်း - “ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက ကာကွယ်ဆေးနဲ့ ပတ်သက်လို့တော့ နောက်မကျလှဘူးလို့ ဆိုရမှာပေါ့။ လူဦးရေ သန်းပေါင်း ၁၃ သန်း၊ ၁၄ သန်း ထိုးထားတဲ့အတွေ့အကြုံတွေ ရှိပြီးသားဖြစ်ပါတယ်။ နောက်ကာကွယ်ဆေးဆိုင်ရာ အအေးလမ်းကြောင်းဆိုလည်း AstraZeneca အောက်စ်ဖို့ဒ်တက္ကသိုလ်ဆေးမျိုး ဆိုရင် ရှိပြီးသား ကာကွယ်ဆေး အအေးလမ်းကြောင်းနဲ့ အဆင်ပြေပါတယ်။ Pfizer လိုဟာမျိုးကျရင်တော့ အအေးလမ်းကြောင်းအသစ်ကို Minus Degree ရတဲ့ဟာမျိုး Ultra-Cold Chain လို စပြီးတော့ တည်ဆောက်ရမှာပါ။ အဲဒီအတွက်လည်း Technial Assistance, Financial Assistance တွေကို တင်ထားပြီးသား ရှိပါတယ်။ အဲ့တော့ မှတ်တမ်းမှတ်ရာ ပြဿနာပေါ့နော်၊ ကျနော်တို့ဆီမှာလည်း Electronic Records တွေ သုံးလာတာရှိပါတယ်။ သူနာပြုဆရာမတွေ အကုန်လုံးကို Tablet တွေပေးထားပြီး Standardize Message တွေ အကုန်လုံး ပေးထားပြီးသားရှိတယ်။ အခုလည်း နိုင်ငံတော်တော်များများမှာ သုံးနေတဲ့ ကာကွယ်ဆေးဆိုင်ရာ ဆော့ဖ်ဝဲပေါ့၊ ထိုးပြီးတဲ့လူကို တခါတည်း မှတ်သားထားပြီးတော့ အမြဲတမ်း Track လုပ်လို့ရတဲ့ ဆော့ဖ်ဝဲမျိုး ကျနော်တို့ လုပ်ဖို့ရှိပါတယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

VOA News