ဘုရင်ခံဥပဒေပြုကောင်စီ

28-Sep-2020

မြန်မာနိုင်ငံမှာ ပဒေသရာဇ်ခေတ်ကတည်းက လွှတ်တော်ရှိခဲ့ပေမယ့် ဘုရင်စေခိုင်းတာကို လုပ်ရတဲ့ ဝန်ကြီးအဖွဲ့ရုံး သဘောပိုသက်ရောက်ခဲ့ပါတယ်။ ၁၈၈၅ မှာ မြန်မာနိုင်ငံ အထက်ပိုင်းကို သိမ်းပြီးနောက် မန္တလေးက ဘုရင့်လွှတ်တော်ကို ၁၈၈၆ မှာ ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် တနိုင်ငံလုံးကို မဟာဝန်ရှင်တော်မင်းကြီး တဦးတည်း သဘောနဲ့ အုပ်ချုပ်ခဲ့ရာက ၁၈၉၇ မှာ ဒုတိယဘုရင်ခံခန့်ပြီး ဥပဒေပြုကောင်စီနဲ့ တိုင်ပင်အုပ်ချုပ်တဲ့ ခေတ်ကို ရောက်ပါတယ်။

ဒီလို ဥပဒေပြုကောင်စီ ဖွဲ့စည်းရာမှာလည်း လူထုက ရွေးကောက်တာ မဟုတ်ဘဲ ဒုတိယဘုရင်ခံ စိတ်ကြိုက်ရွေးထားတဲ့ ဗြိတိသျှ အရာရှိတွေနဲ့ မြန်မာအရာရှိတွေ၊ မင်းစိုးရာဇာလူတန်းစားအလွှာတွေပဲပါတဲ့ အကြံပေး အဖွဲ့တွေ ဖြစ်ကြပါတယ်။ ကင်းဝန်မင်းကြီးနဲ့ ရွှေတိုက်အတွင်းဝန်လို မြန်မာဘုရင်ရဲ့ မှူးမတ်ဟောင်းတွေနဲ့ ညောင်ရွှေနဲ့ သီပေါလို ရှမ်းစော်ဘွားတွေကိုလည်း ဒီဥပဒေပြုကောင်စီမှာ အမတ်အဖြစ် ခန့်ထားခဲ့ပါတယ်။ အစပိုင်းမှာ အမတ် (၉) ယောက်နဲ့ စခဲ့ပေမယ့် နောက်ပိုင်းမှာ (၁၇) ယောက်၊ အယောက် (၃ဝ) ထိ တိုးချဲ့ ခန့်ထားခဲ့ပါတယ်။ တိုးချဲ့ ခန့်လိုက်တဲ့ အမတ်တွေထဲမှာ မြန်မာပြည် ကုန်သည်ကြီးများအသင်း၊ အိန္ဒိယ၊ တရုတ် ၊ ဥရောပသား ကိုယ်စားလှယ်တွေ ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။

နောက် မြန်မာပြည်ကို အိန္ဒိယအင်ပါယာရဲ့ ပြည်နယ်တခုအဖြစ် အဲဒီအချိန်က သတ်မှတ်ထားတဲ့အတွက် အိန္ဒိယဥပဒေပြုလွှတ်တော်ကိုလည်း မြန်မာပြည်က ကိုယ်စားလှယ်တွေ ရွေးချယ်လွှတ်ပေးရပါတယ်။ မြန်မာထဲက ပထမဆုံး ခန့်အပ်ခံရတဲ့ လွှတ်တော်အမတ်ဟာ မော်လမြိုင်က ဦးအူဖြစ်တယ်လို့ (၂ဝ) ရာစု မြန်မာပြည် ပုံရိပ်လွှာများ စာအုပ်မှာ ဖော်ပြပြီး သူ့သား စစ်ကဲကြီး မောင်ဘတူလည်း ၁၉ဝ၇ မှာ အိန္ဒိယလွှတ်တော်အမတ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးဘတူဟာ အမတ်ဘဝနဲ့ ဘုရင်ခံအိမ်တော်မှာ အစည်းအဝေးတက်ရင်း အမောဖောက်ပြီး ကွယ်လွန်ခဲ့ပါတယ်။

ဒီလို လက်ထောက်ဘုရင်ခံက အမတ်တွေကို ခန့်တဲ့ခေတ်က အမတ်တွေမှာ မြန်မာပြည်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရုံသက်သက်ပဲ အာဏာရှိတယ်လို့လည်း ဦးမြဟန်က ကိုလိုနီခေတ် မြန်မာသမိုင်းအဘိဓာန်မှာ မှတ်ချက်ချပါတယ်။ ဒီအတိုင်ပင်ခံ လွှတ်တော်တွေဟာ မြန်မာအကျိုးထက် အင်္ဂလိပ်ကုန်သည်ကြီးတွေအကျိုးကိုသာ ရှေ့ရှုတယ်လို့လည်း မြန်မာ့စွယ်စုံကျမ်းက ဆိုပါတယ်။ လွှတ်တော်တခုရဲ့ အရေးကြီးဆုံး တာဝန်တခု ဖြစ်တဲ့ ရသုံးငွေစာရင်းဘက်ဂျက်ကိုလည်း မဲမပေးနိုင်ဘူးလို့ ဦးအုန်းဖေရဲ့ ပင်လုံစစ်တမ်းမှာပါရှိပါတယ်။