မြန်အောင်ဘုံသာစေတီနှင့် စစ်ကိုင်းမင်းခေါင်းလောင်းတော်

27-Oct-2020

မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာနိုင်ငံ လွတ်လပ်ရေးမဆုံးရှုံးမီအထိ ဘုရင် ၁၁ ပါး စိုးစံကာ သက်တမ်း ၁၃၃ နှစ် ကြာမြင့်ခဲ့သည့် ကုန်းဘောင် ခေတ်(ခရစ်နှစ် ၁၇၅၂-၁၈၈၅)တွင် မြန်မာနိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားခိုင်မာခဲ့ပြီးဖြစ်သည်။ ကုန်းဘောင် ဘုရင်များနှင့် ပြည်သူများသည် များစွာသော အလှူဒါန များကို ပြုလုပ်ခဲ့ကြသဖြင့် စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် သာသနိကအဆောက်အအုံများကို ဗုဒ္ဓ ဘာသာ ထွန်းကားစည်ပင်ခဲ့ခြင်း အထောက်အထားများ အဖြစ် ယနေ့တိုင် မြင်တွေ့နိုင်ကြသည်။

အလောင်းဘုရား ဦးအောင်ဇေယျမှ သီပေါမင်းအထိ ကုန်းဘောင်ခေတ်ဘုရင်များသည် ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ရာတွင် မင်းကွန်းခေါင်းလောင်းတော်ကြီး အပါ အဝင် သမိုင်းဝင်ခေါင်းလောင်းများကို သွန်းလုပ်လှူဒါန်း ခြင်းလည်း ပါဝင်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် ဘုရင် ခုနစ်ပါးသည် ခေါင်းလောင်းကိုးလုံး သွန်းလုပ်၍ ကမ္ပည်း ထိုးကာ စေတီပုထိုးများတွင် လှူဒါန်းချိတ်ဆွဲခဲ့ကြသည်။ ယင်းခေါင်းလောင်းများသည် ရန်ကုန်တွင် နှစ်လုံး၊ မန္တလေး တွင် နှစ်လုံး၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့၊ မြန်အောင်မြို့၊ အမရ ပူရမြို့နှင့် မင်းကွန်းတွင် တစ်လုံးစီ ရှိနေကြသည်။

ကုန်းဘောင်ဆက် ဘုရင့်ခေါင်းလောင်းတော်များ

တတိယမြန်မာနိုင်ငံကို ထူထောင်ခဲ့သည့် ဦးအောင် ဇေယျ (၁၇၅၃-၁၇၆၀)နှင့် မိဖုရားခေါင် ခင်ယွန်းစံသည် ခေါင်းလောင်းတစ်လုံးစီကို သွန်းလုပ်၍ ရွှေဘိုမြို့ ရွှေချက်သိုစေတီတွင် လှူဒါန်းချိတ်ဆွဲခဲ့သည်။

စဉ့်ကူးမင်း(၁၇၇၆-၁၇၈၂)သည် ခမည်းတော် ဆင်ဖြူ ရှင်မင်း(၁၇၆၃-၁၇၇၆) လက်ထက်တွင် မပြီးစီးခဲ့သည့် ခေါင်းလောင်းကို ဆက်လက်သွန်းလုပ်ပြီး မြန်မာသက္ကရာဇ် ၁၁၄၀ ပြည့်နှစ်တွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် (အနောက်မြောက်ထောင့်)တွင် တင်လှူခဲ့ရာ စဉ့်ကူးမင်း ခေါင်းလောင်းတော်ဟု အမည်တွင်ခဲ့သည်။ ဗြိတိသျှတို့ သည် စဉ့်ကူးမင်းခေါင်းလောင်းတော်ကို အင်္ဂလန်နိုင်ငံသို့ ပို့ဆောင်ရန် ၁၈၂၄ ခုနှစ်တွင် ယူဆောင်သွားခဲ့သော်လည်း ခေါင်းလောင်းတော်တင်ဆောင်လာသည့် သင်္ဘောသည် လှိုင်မြစ်အတွင်း နစ်မြုပ်ခဲ့သဖြင့် မြန်မာတို့က ဆယ်ယူ၍ ၁၈၂၇ ခုနှစ်တွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ပြန်လည်ချိတ်ဆွဲခဲ့သည်။

ဗဒုံမင်းသည် ခေါင်းလောင်းကြီးတစ်လုံးကို ရေလယ် ကျွန်း၌ သွန်းလုပ်ခဲ့ပြီး မင်းကွန်းပုထိုးတော်ကြီးအနီးတွင် ချိတ်ဆွဲခဲ့ရာ ကမ္ဘာပေါ်ရှိ အသံထွက်နိုင်သော ခေါင်းလောင်း များအနက် အကြီးဆုံးဖြစ်သည့် မင်းကွန်းခေါင်းလောင်းဟု ထင်ရှားခဲ့သည်။

ဘကြီးတော်စစ်ကိုင်းမင်းနှင့် နန်းမတော် မိဖုရား ခေါင်ကြီးတို့ လှူဒါန်းခဲ့သည့် ခေါင်းလောင်းသည် အမရပူရ မြို့ တောင်သမန်ရှိ မဟာဝိဇယရံသီ ပုထိုးတော်ကြီး၏ အရှေ့မြောက်ထောင့်ရင်ပြင်တွင် တည်ရှိသည်။ မြန်မာ သက္ကရာဇ် ၁၁၈၉ ခုနှစ်က တင်လှူခဲ့သည့် ယင်းခေါင်းလောင်း ကို မဟာမေရု မကုဋဃဏ္ဍရာဇာဟု ကမ္ပည်းတပ်ခဲ့သည်။ စစ်ကိုင်းမင်းသည် ဒုတိယ ခေါင်းလောင်းတော်ကိုလည်း မြန်အောင်မြို့ ရွှေဘုံသာစေတီသို့ လှူဒါန်းခဲ့သည်။

သာယာဝတီမင်းသည် မြန်မာသက္ကရာဇ် ၁၂၀၃ ခုနှစ် တွင် နေပြည်တော် အမရပူရမှ ဥက္ကလာပ(ရန်ကုန်) သို့ ဖောင်တော်ဖြင့်စုန်ခဲ့ကာ ၁၈၄၁ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ရွှေတိဂုံစေတီတော်အား ဖူးမြော်ပြီး ငှက်ပျောဖူးမှ ဖိနပ်တော်အထိ ရွှေသင်္ကန်းကပ်လှူခဲ့သည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၂၀၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ စတင်၍ ခေါင်းလောင်းကြီးတစ်လုံးကို သုံးနှစ်ကြာ သွန်းလောင်းခဲ့ပြီး ၁၂၀၆ ခုနှစ် တပေါင်းလတွင် ရွှေတိဂုံ စေတီတော်ရင်ပြင်၌ ချိတ်ဆွဲလှူဒါန်း၍ "မဟာတိသဒ္ဒ ဃဏ္ဍရာဇာ"ဟု ဘွဲ့အမည်တပ်ခဲ့ရာ သာယာဝတီမင်း ခေါင်းလောင်းတော်ဟု ထင်ရှားခဲ့သည်။

ပုဂံမင်း(၁၈၄၆-၁၈၅၃)သည် မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်တွင် မန္တလေး ချမ်းအေးသာစံမြို့နယ် မတဲရပ်တွင် တည်ရှိသည့် မဟာလောကရံသီစေတီတော်(အိမ်တော်ရာ စေတီ)သို့ ခေါင်းလောင်းတော်တစ်လုံး သွန်းလုပ်လှူဒါန်း ခဲ့ရာ ယနေ့တိုင် မြင်တွေ့ကြရပေသည်။

ပုဂံမင်း၏ညီတော် မင်းတုန်းမင်းသည် “မဟာဂီရိ မကုဍဃဏ္ဍရာဇာ” ခေါင်းလောင်းတော်ကို မြန်မာသက္ကရာဇ် ၁၂၁၆ ခုနှစ်တွင် မဟာလောကရံသီစေတီတော်သို့ သဒ္ဒဒါန အဖြစ် လှူဒါန်း၍ နောင်တော်လှူဒါန်းသည့် ခေါင်းလောင်း တော်အနီးတွင် ချိတ်ဆွဲခဲ့သည်။

မြန်မာနှင့် ခေါင်းလောင်း

မြန်မာအဘိဓာန်တွင် ခေါင်းလောင်းကို “ကြေး၊ ငွေ စသည်ဖြင့် သွန်းလုပ်ထားသည့် လုံးပတ်ဝန်း၍ အဝကား သော တီးခတ်စရာပစ္စည်း”ဟု လည်းကောင်း၊ “အခေါင်း အတွင်းရှိ အဆန်ကိုခတ်လှုပ်၍ အသံမြည်စေသော ခွက်ပုံ သတ္တုကိရိယာ”ဟုလည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုသည်။

ခေါင်းလောင်းကို ရွှေ၊ ငွေ၊ ကြေးတို့ဖြင့် ပြုလုပ်လေ့ ရှိပြီး သေးငယ်သောခေါင်းလောင်းများတွင် အဆန်ပါရှိ၍ ကြီးမားသောခေါင်းလောင်းများတွင် အဆန်ထည့်သွင်းမှု မရှိချေ။ အဆန်ပါသောခေါင်းလောင်းများသည် လှုပ်ခတ် လျှင် အသံထွက်ပြီး မြန်မာလူမျိုးများသည် ခေါင်းလောင်း သံကို နားဝင်ပီယံဖြစ်လေ့ရှိကြသည်။

မြန်မာနိုင်ငံ မြို့၊ ရွာအနှံ့ရှိ စေတီပုထိုးများတွင် အရွယ် မျိုးစုံ ခေါင်းလောင်းများကို ချိတ်ဆွဲလှူဒါန်းထားကြရာ အများစုသည် ရွှေ၊ ငွေ၊ ကြေး ခေါင်းလောင်းငယ်များ ဖြစ် ကြသည်။ စေတီတော် ထီးတော်များမှ လှုပ်ခတ်နေသော ခေါင်းလောင်းငယ်များမှ ထွက်လာသည့် ဆည်းလည်းသံ များကြောင့် စေတီဝန်းကျင်တွင် ဘုရားရိပ်၏ ချမ်းငြိမ်း သော အာရုံကို ရရှိနိုင်ကြသည်။ မြန်မာတို့သည် ဘုရား စေတီများ၏ ထီးတော်တွင် အဆန်ပါသော ခေါင်းလောင်း ငယ်များကို ဆည်းလည်းများအဖြစ် ချိတ်ဆွဲပူဇော်ကြ သကဲ့သို့ အဆန်မပါသော ခေါင်းလောင်းကြီးများကိုလည်း စေတီတော်အဝန်းအဝိုင်းအတွင်း ချိတ်ဆွဲလေ့ရှိသည်။

ခေါင်းလောင်းသွန်းလုပ်ခြင်းသည် မြန်မာနိုင်ငံတွင် ပျူခေတ်မတိုင်မီကပင် ထွန်းကားခဲ့သည်ဟု ခန့်မှန်းနိုင်ပြီး ပျူခေတ်လက်ရာ ကြေးခေါင်းလောင်းတစ်လုံးကို သရေ ခေတ္တရာမြို့ဟောင်း မှော်ဇာမှ ရရှိခဲ့သည်။ ၁၉၆၆ -၁၉၆၇ တွင် ဦးစိန်မောင်ဦး ဦးဆောင်၍ ပျူမြို့ဟောင်း သရေ ခေတ္တရာ၌ တူးဖော်မှုများ ဆောင်ရွက်စဉ် ဘုရားမာစေတီ၏ အရှေ့မြောက်ဘက် ပေ ၁၀၀ အကွာ ရှိ တူးဖော်မှုကုန်း အမှတ်(HMA -8 )မှ ၁၁ လက်မအမြင့်ရှိသည့် ပျူခေတ် လက်ရာ ခေါင်းလောင်းကို ရရှိခဲ့ပြီး ယင်းခေါင်းလောင်းတွင် ပျူဒင်္ဂါးများ၌ တွေ့ရလေ့ရှိသည့် သီရိဝစ္ဆနှင့် ဘီလူးပန်းဆွဲ များ ပါရှိသည်။

ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက်တွင် ကြေးစင် ၁၀၀၀ စီဖြင့် သွန်းလုပ်သော ခေါင်းလောင်းကြီးငါးလုံးကို ရွှေစည်းခုံဘုရားတွင် သုံးလုံး၊ အာနန္ဒာဘုရားတွင် တစ်လုံး၊ မင်းအိုချမ်းသာဘုရားတွင် တစ်လုံး လှူဒါန်းခဲ့ကြောင်းနှင့် အလောင်းစည်သူမင်းလက်ထက်တွင် ကြေးစင် တုလာ ၁၀၀၀၀ ကိုသွန်းသော ခေါင်းလောင်းကြီးနှစ်လုံးကို သဗ္ဗညု ဘုရား၌ တစ်လုံး၊ ရွှေကူဘုရား၌ တစ်လုံး လှူခဲ့ကြောင်း ဦးကုလား မဟာရာဇဝင်တွင် ဖော်ပြခဲ့သည်။ ယခုအချိန် တွင် ပုဂံခေတ်လက်ရာ ခေါင်းလောင်းများကို မတွေ့ရှိရ သော်လည်း ခေါင်းလောင်းချိတ်ဆွဲသည့်နေရာဟု ယူဆ ကြသည့် အုတ်တိုင်ကြီးများကို သဗ္ဗညုဘုရားအနီးတွင် မြင်တွေ့နိုင်သည်။ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားတွင် ခရစ် နှစ် ၁၅၅၇ ခုနှစ်က ဘုရင့်နောင်မင်းကြီး လှူဒါန်းချိတ်ဆွဲ ထားသည့် ခေါင်းလောင်းသည် မြန်မာနိုင်ငံ၏ ရှေးဟောင်း ခေါင်းလောင်းကြီးတစ်လုံးဖြစ်ကာ ခေါင်းလောင်းစာများကို ယူနက်စကိုအဖွဲ့က ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

ဂူထွတ်လွန်ဆေးမြန်အောင်

မြန်အောင်မြို့သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင်တွင် တည်ရှိကာ ရန်ကုန်မြို့မှ အနောက်မြောက် ယွန်းယွန်းသို့ ၂၇၅ ကီလိုမီတာနှင့် ပုသိမ်မြို့မှ မြောက် ဘက်သို့ ၂၃၈ ကီလိုမီတာ ကွာဝေးသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည့် မြန်အောင်မြို့နယ် သည် အနောက်ဘက်တွင် ရခိုင်ရိုးမ၊ တောင်ဘက်တွင် အင်္ဂပူမြို့နယ်၊ မြောက်ဘက်တွင် ကြံခင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိဆက်နေသည်။

မြန်အောင်မြို့နယ်ကို ၁၉၇၃ ခုနှစ် ဧပြီ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ကနောင်ကို ၁၉၇၃ စက်တင်ဘာ ၃ ရက်တွင် မြို့အဖြစ်သတ်မှတ်ခဲ့ရာ ယခုအခါ မြန်အောင်မြို့နယ်၌ မြို့နှစ်မြို့(မြန်အောင်နှင့် ကနောင်)၊ ရပ်ကွက် ၁၁ ခု၊ ကျေးရွာ အုပ်စု ၅၈ အုပ်စု၊ ကျေးရွာ ၅၁၇ ရွာ ပါဝင်သည်။

မြန်မာ့စွယ်စုံကျမ်းတွင် မြန်အောင်ကို ခရစ်နှစ် ၁၂၅၀ ပြည့်နှစ်ဝန်းကျင်တွင် မွန်တို့က တည်ခဲ့ပြီး အလောင်းမင်း တရားလက်ထက်တွင် မွန်တို့၏ ခံတပ်မြို့တစ်မြို့ ဖြစ်ခဲ့ ကြောင်း ဖော်ပြထားသည်။ ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ် အစိုးရက မြူနီစီပယ်အဖွဲ့ကို ဖွဲ့စည်းကာ စည်ပင်သာယာ ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။

အလောင်းမင်းတရား ဦးအောင်ဇေယျသည် ၁၇၅၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ကျောက်မြောင်းမှ ဟံသာ ဝတီသို့ ရေကြောင်းဖြင့် ချီလာခဲ့ရာ ဂူထွတ်ဟု အမည်တွင် သည့် လွန်ဆေးသို့ မတ် ၄ ရက်တွင် ရောက်ရှိခဲ့သည်။ အလောင်းမင်းတရားသည် ယင်းနေရာတွင် တာ ၇၀၀ ကျော် ကျယ်သည့် သစ်တပ်မြို့သစ်တည်၍ မြန်အောင်ဟု အမည်ပေးခဲ့ပြီး ဧရာဝတီမြစ်ကမ်း၌ စေတီတော်တစ်ဆူ တည်ထားကာ မြန်အောင်ဘုံသာဟု ဘွဲ့မည်တော်ပေး ခဲ့သည်။

မြန်အောင်ဘုံသာစေတီသည် ယခု မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက်တွင် တည်ရှိ၍ မြန်အောင်ဘုံသာစေတီ၊ သဲဖြူကျောင်း၊ မင်္ဂလာရွှေကျောင်းနှင့် နန်းဦးကျောင်းတိုက် တို့သည် ထောင့်မှန်စတုဂံပုံ တည်ရှိနေပြီး စေတီတော်က စတုဂံ၏ အရှေ့မြောက်ထောင့်နေရာတွင် ရှိသည်။ အမှတ် (၆)ရပ်ကွက်သည် မြန်အောင်မြို့၏ တောင်ဘက်အစွန်၊ ကနောင်မြို့သို့သွားသည့် ကားလမ်းတွင် တည်ရှိကာ မင်္ဂလာရွှေကျောင်းသည် မင်းတုန်းမင်း၏မိဖုရား ခင်သဲ၏ ဆွေတော်မျိုးတော်များ၏ ကောင်းမှုတော်ဖြစ်သည်။

မြန်အောင်မြို့ဟောင်း

၂၀၁၇ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင် မြန်အောင်မြို့သား ဆရာဦးထွန်းရီ(ရှေးဟောင်းသုတေသီ)က အင်္ဂလိပ်အစိုးရလက်ထက်က မြန်အောင်မြို့တွင် နယ်ပိုင်ဝန်ထောက်ရုံး ဖွင့်ခဲ့ကြောင်း၊ ရုံးအနီးရှိ ကုန်းမြင့် နေရာ၌ မြန်အောင်မြို့ရိုးများရှိခဲ့သည်ဟု ယူဆခဲ့ကြသော် လည်း မှန်ကန်မှုမရှိကြောင်း ရှင်းပြခဲ့သည်။

မြန်အောင်မြို့ပေါ်ရပ်ကွက်များကို နံပါတ်များဖြင့် အမည်မပေးမီက နေခြည်ရပ်၊ လက်ပံရပ်၊ အလယ်ရပ်ဟု ရှိခဲ့ပြီး နေခြည်ရပ်နှင့် လက်ပံရပ်သည် လှေထိုးသားများ နေထိုင်ခဲ့သည့် နေရာဖြစ်သည်။ ယင်းရပ်ကွက်နှစ်ခု နေရာ တွင် အလောင်းမင်းတရားသည် မူလ မြန်အောင်မြို့ကို တည်ခဲ့ခြင်းဖြစ်ပြီး အလောင်းမင်းတရား တည်ခဲ့သည့် မြန်အောင်သည် သစ်တပ်မြို့ဖြစ်၍ သစ်တပ်မြို့ရိုးသည် နှစ်ကာလရှည်ကြာလာချိန်တွင် မကျန်ရှိတော့ချေ။

မြန်အောင်ဘုံသာစေတီအတွင်းရှိ ရာမနတ်ရုပ်တုကို ယခင်က နှစ်နှစ်လျှင် တစ်ကြိမ် မြို့တွင်းသို့ ကန်တော့ခံ ထွက်လေ့ရှိခဲ့သည်။ ရာမဇာတ်တော်သည် မြန်အောင်သို့ ဦးစွာရောက်ရှိခဲ့ကာ မြန်အောင်၌ကပြခဲ့ပြီးနောက်ပိုင်းတွင် အောက်မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာများသို့ ပျံ့နှံ့ခဲ့ကြောင်း ဆရာဦးထွန်းရီက ပြောကြားခဲ့သည်။

စစ်ကိုင်းမင်းနှင့် မြန်အောင်

မြန်မာ့သမိုင်းတွင် ဘုရင်သစ်တစ်ပါး နန်းတက်သည် နှင့် ပုန်ကန်ခြားနားမှုများ ဖြစ်ပွားလေ့ရှိရာ စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇)နန်းတက်ချိန်တွင် ဗဒုံမင်း၏ သားတော် များဖြစ်သည့် ပြည်စားနှင့် တောင်ငူစားတို့က ပုန်ကန်ခဲ့ ကြသည်။ ထို့ကြောင့် စစ်ကိုင်းမင်းသည် မိမိရှေ့မှ ဘုရင် များကဲ့သို့ပင် နန်းပြိုင်ရန်စွယ်ဖြစ်လာသည့် ဘထွေးတော် တောင်ငူစားကို စီရင်ခဲ့သည်။ သို့သော် စစ်ကိုင်းမင်းသည် ညီတော်များနှင့် အိမ်ရှေ့ဝန်များကို ဆုတော်ငွေများ ချီးမြှင့် ခဲ့ကာ နန်းတော်ဦးသို့ထွက်၍ သက်ကြီးရွယ်အိုများအား နေ့စဉ်ရက်ဆက် လှူဒါန်းမှုများပြုလုပ်ခဲ့သည်။

စစ်ကိုင်းမင်းသည် ဘာသာ သာသနာကို ချီးမြှောက် သည့်အနေဖြင့် ဘိုးတော်ဖြစ်သူ ဗဒုံမင်းလက်ထက်က မပြီးပြတ်ခဲ့သည့် ကုသိုလ်တော်များကို လုပ်ဆောင်ခြင်း၊ သက်စေ့ ပဉ္ဇင်းသာမဏေပြုခြင်း၊ ပဒေသာပင် ၂၆၀ ဖြင့် စာရေးတံဆွမ်းလှူဒါန်းခြင်း စသည်တို့ကို ဆောင်ရွက် ခဲ့သည်။

စစ်ကိုင်းမင်း၏ ကောင်းမှုတော်များတွင် အလောင်း မင်းတရားတည်ခဲ့သည့် မြန်အောင်ရွှေဘုံသာ စေတီကို ပြန်လည်ပြုပြင်၍ ခေါင်းလောင်းတော်တစ်လုံး ချိတ်ဆွဲ လှူဒါန်းခြင်းလည်း ပါဝင်ခဲ့ပေသည်။

အလောင်းမင်းတရားသည် မြန်အောင်ဘုံသာ စေတီ တော်ကို တည်ပြီးနောက် "နောင်အခါတွင် ဤစေတီတော် သည် ပျက်စီးယိုယွင်းခဲ့သော် မြေးတော်မြစ်တော် မင်း ဧကရာဇ်တို့သည် အသစ်ပြင်ဆင်ရစ်ကြစေသတည်း" ဟု မှာကြားချက်ကို ရွှေပေတွင်ရေးသား၍ စေတီတော် ဌာပနာ တိုက်၌ ထည့်သွင်းခဲ့သည်။ အလောင်းမင်းတရား အမှာ တော်ရှိခဲ့သည့်အတိုင်းပင် မြန်အောင်ဘုံသာစေတီသည် ဧရာဝတီမြစ်ကမ်း ပြိုကျသဖြင့် ပျက်စီးခဲ့သည်။

ဧရာဝတီမြစ်ကမ်း ပြိုပျက်မှုကြောင့် မြန်အောင်ဘုံသာ ဘုရားမှ ဓာတ်တော်များ ထွက်ပေါ်ခဲ့ရာ မြန်အောင်မြို့သူကြီး စည်သူရာဇရွှေတောင်က ဓာတ်တော်များကို သိမ်းဆည်း၍ ဘုရင့်ထံ လျှောက်ထားခဲ့သည်။ ထို့ကြောင့် စစ်ကိုင်းမင်း သည် မြန်မာသက္ကရာဇ် ၁၁၉၀ ပြည့်နှစ် နှောင်းတန်ခူး လဆုတ် ၂ ရက်(ခရစ်နှစ် ၁၈၂၉ ခုနှစ် မတ်လ ၂၁ ရက်) စနေနေ့တွင် စည်သူရာဇရွှေတောင်အား စေတီတော်တွင် ထပ်မံဖြည့်သွင်းမည့် ဌာပနာပစ္စည်းများနှင့် ငွေကြေး အလုံ အလောက်ပေး၍ စေတီတော်ကို ကြပ်မတ်လုပ်ဆောင်စေ ခဲ့သည်။ (မြန်အောင်မြို့သူကြီး စည်သူရာဇရွှေတောင်သည် မင်းတုန်းမင်း၏ မြောက်နန်းမိဖုရား ခင်သဲ၏ ဖခင်ဖြစ်ကာ မြို့သူကြီး၏ အခြား သမီးနှစ်ဦးဖြစ်သည့် လင်လန်းနှင့် သက်ပန်းတို့သည်လည်း မင်းတုန်းမင်း၏မိဖုရားများ ဖြစ်ခဲ့ ကြသည်။)

မြန်အောင်ဘုံသာ လက်ရှိစေတီတော်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၇ ရက်တွင် ထီးတော်တင်လှူခဲ့သည်။

မြန်အောင်ဘုံသာ ခေါင်းလောင်းစာ

စစ်ကိုင်းမင်း သွန်းလုပ်ချိတ်ဆွဲခဲ့သည့် မြန်အောင် ဘုံသာစေတီတော် ခေါင်းလောင်းစာကို အပိုဒ်များမခွဲဘဲ တစ်ဆက်တည်း ရေးထိုးခဲ့သည်။ ခေါင်းလောင်းစာအစတွင် ဘုရင့်ဘုန်းတော်ဘွဲ့များကို ရှည်လျားစွာရေး၍ အလောင်း မင်းတရား ဦးအောင်ဇေယျသည် မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ် တန်ခူးလပြည့်ကျော် ၁၀ ရက် သောကြာနေ့တွင် မြန်အောင်ဘုံသာစေတီတော်ကိုတည်ခဲ့ကြောင်း ရေးထိုးခဲ့ သဖြင့် သမိုင်းအထောက်အထားတစ်ရပ်ကို ခိုင်မာစွာ သိရှိ နိုင်ခဲ့ကြသည်။

ဘကြီးတော် စစ်ကိုင်းမင်းကလည်း “စေတီတော် ရန်သူ ငါးပါးတို့သည် မနှောင့်မယှက်နိုင်သည် ဖြစ်စေသောဝ်၊ နှောင့်ယှက် ယိုယွင်းပြိုပျက်ခဲ့သော်လည်း နောင်လာလတ္တံ့ သောမင်းတို့သည် ပြင်လုပ်စေသော်ဝ်”ဟု မြန်အောင် ဘုံသာခေါင်းလောင်းစာတွင် ရေးထိုးခဲ့သည်။ အဆိုပါ ခေါင်းလောင်းစာအရ ပြိုပျက်ခဲ့သည့် ဘုံသာမုနိစေတီတော် ကို တည်လုပ်ခဲ့သည့်အချိန်သည် ကောဇာသက္ကရာဇ် ၁၁၉၀ ပြည့်နှစ် ပြာသိုလ(၁၈၂၈ ခုနှစ် ဒီဇင်ဘာလဝန်းကျင်)ဖြစ် ကြောင်း သိရှိရပေသည်။ ဆရာဦးစိန်မောင်ဦး၏ မှတ်တမ်း အရ စေတီတော်တည်လုပ်ချိန်သည် ခရစ်နှစ် ၁၈၂၉ ခုနှစ် မတ် ၂၁ ရက်ဖြစ်သည်။

ခေါင်းလောင်းစာတွင် အလောင်းမင်းတရားကြီးသည် “သက္ကရာဇ် ၁၁၁၆ ခုနှစ် တန်ခူးလပြည့်ကျော် ၁ ရက် (ခရစ်နှစ် ၁၇၅၅ ခုနှစ် မတ် ၂၈ ရက်) သောကြာနေ့တွင် ကူတွတ်မြို့ဟောင်း(လွန်ဆေး)ကို မြန်အောင်ဟု သမုတ် လျက် မြန်အောင်ဘုံသာစေတီကို တည်ခဲ့ကြောင်း”ကမ္ပည်း ထိုးခဲ့သည်။ ဘေးတော် အလောင်းမင်းတရား၏ ကောင်းမှု တော် မြန်အောင်ဘုံသာစေတီ ပြိုပျက်ခဲ့ပြီးနောက် မြစ်တော် စစ်ကိုင်းမင်း ပြန်လည်တည်ထားခဲ့သည့် စေတီတော်နှင့် ခေါင်းလောင်းတော်သည် ကုန်းဘောင်ခေတ်ဦး သမိုင်း မှတ်တမ်းတစ်ခု ဖြစ်ခဲ့သည်။

ကုန်းဘောင်ခေတ်က မြန်မာဘုရင်များ သွန်းလုပ် လှူဒါန်းခဲ့ကြသည့် ခေါင်းလောင်းတော်များတွင် မိမိတို့ သွန်းလုပ်ခဲ့သည့် ခေါင်းလောင်းအရွယ်အစား၊ အလေးချိန်၊ တင်လှူသည့် စေတီဘုရား၊ တင်လှူသည့်နေ့စွဲ၊ ဆုတောင်း စသည့်အချက်များကို ကမ္ပည်းစာရေးထိုးခဲ့ကာ မှတ်တမ်း ပြုခဲ့ကြသဖြင့် နှောင်းလူများသည် ကုန်းဘောင်ခေတ်၏ ခိုင်မာသော သမိုင်းအထောက်အထား အစိတ်အပိုင်း များကို သိရှိနိုင်ခဲ့ကြပေသည်။

ကိုးကား

(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၀)

(၂) မြန်မာနိုင်ငံ လက်ရွေးစင်ခေါင်းလောင်းစာများ

(ဦးစိန်မောင်ဦး)

(၃) ဆရာကြီးဦးထွန်းရီ(ရှေးဟောင်းသုတေသီ)နှင့်

တွေ့ဆုံမေးမြန်းချက်များ