အမေရိကန်ရွေးကောက်ပွဲ ဘိုင်ဒန် အနိုင်ရရှိ

07-Nov-2020

အမေရိကန် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်ကို အနိုင်ရသွားလို့ အမေရိကန် သမ္မတသစ် ဖြစ်လာတော့မှာပါ။

ဂျိုးဘိုင်ဒန်က အဓိက အကြိတ်အနယ်ပြိုင်ရတဲ့ ပြည်နယ်တွေဖြစ်တဲ့ ပင်ဆယ်ဗေးနီးယားမှာ အနိုင်ရခဲ့တယ်လို့ ဘီဘီစီက ခန့်မှန်းပါတယ်။ အဲဒီမှာ အနိုင်ရခဲ့လို့ သမ္မဖြစ်ဖို့ လိုအပ်တဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၂၇၀ ကျော် ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထရမ့် မဲဆွယ်ရေး အဖွဲ့ကတော့ ထရမ့်ဘက်က အရှုံးကိုလက်ခံမယ့်ပုံ မရှိတဲ့ အရိပ်လက္ခဏာပြနေပါတယ်။

အဲဒီရလဒ်ကြောင့် မစ္စတာ ထရမ့်ဟာ ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် သမ္မတ သက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ရသူ ဖြစ်လာပါတယ်။

ဘီဘီစီက အခုခန့်မှန်းဖော်ပြမှုဟာ တရားဝင်မကြေညာသေးပေမဲ့ ပြည်နယ်တွေက မဲရေတွက်ပြီးသလောက် ရလဒ်တွေကို အခြေခံ ဖော်ပြတာ ဖြစ်ပါတယ်။ မဲတွေ ဆက်ရေတွက်နေဆဲ ဖြစ်တဲ့ ဝစ်ကွန်ဆင် ပြည်နယ်တွေက ရလဒ်တွေလည်း ထွက်လာဖို့ရှိပါတယ်။

သမ္မတထရမ့်ဟာ မဲတွေရေတွက်လို့ မပြီးခင်မှာကတည်းက သူ နိုင်ပြီလို့ မမှန်ဘဲ ကြေညာခဲ့ပါသေးတယ်။ အဲဒီအချိန်ကစပြီးတော့လည်း မဲပေးရာမှာ မမှန်ကန်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ လုပ်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မပြနိုင်ခဲ့ပါဘူး။

သူ့ရဲ့ အောင်နိုင်ရေးအဖွဲ့က ပြည်နယ်အတော်များများမှာ တရားရုံးကို တင်ပြတိုင်ကြားတာတွေလုပ်ထားပါတယ်။ သောကြာနေ့မနက်ပိုင်းမှ မစ္စတာဘိုင်ဒန် အနိုင်ရဖို့ အတော်ကြီးနီးကပ်လာနေပြီလို့ဆိုတဲ့အချိန် ထရမ့်တို့ဘက်က "ဒီရွေးကောက်ပွဲ မပြီးသေးပါဘူး" လို့ ပြောခဲ့ပါတယ်။

အခုရွေးကောက်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ အရှိန်မြင့်တက်နေပြီး အမေရိကန်နိုင်ငံ တလွှား လူအသေအပျောက်တွေလည်း တိုးလာနေချိန်မှာ လုပ်ခဲ့တာပါ။

သမ္မတထရမ့်က ဂျိုးဘိုင်ဒန် သမ္မတဖြစ်လာရင် နိုင်ငံတဝန်းပိတ်ဆို့မှုတွေ လုပ်လာပြီး စီးပွားရေးကျဆင်းတာတွေ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒန်ကတော့ ထရမ့်ဟာ ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်အောင် လုံလောက်တဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ မလုပ်ခဲ့ဘူးလို့ ပြန်လှန် စွပ်စွဲထားပါတယ်။

အခုတော့ ဂျိုးဘိုင်ဒန်ဟာ သမ္မတအိုဘားမားလက်ထက် ဒုတိယသမ္မတအဖြစ် ရှစ်နှစ်ကြာ သူအမှုထမ်းခဲ့တဲ့ အိမ်ဖြူတော်ကို ပြန်ရောက်လာတော့မှာပါ။ အသက် ၇၈ ရှိနှစ်ရှိနေပြီဖြစ်တဲ့ မစ္စတာဘိုင်ဒန်က အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတတစ်ယောက် ဖြစ်လာပါတော့မယ်။

သူ့အရင်က အသက်အကြီးဆုံး သမ္မတစံချိန်တင်ထားသူကတော့ သူ အခု ရွေးကောက်ပွဲမှ အနိုင်ယူလိုက်တဲ့ အသက် ၇၄ နှစ်ရှိတဲ့ မစ္စတာထရမ့်ပဲ ဖြစ်ပါတော့တယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။

 

ဒုသမ္မတလောင်း ကာမလာက ဘိုင်ဒန်ကို ဘယ်လိုကူညီမလဲ