ဝမ်းတော်ပြည့်စေတီသည် ရန်ကုန်-မန္တလေးကားလမ်းဘေး မိတ္ထီလာမြို့အတွင်းတွင် တည်ရှိပါသည်။ ဝမ်းတော်ပြည့်ဘုရားကို ပုဂံခေတ်လယ် နားတောင်းများမင်း(၁၂၁၁-၁၂၃၁) လက်ထက် ၁၂၁၅ ခုနှစ်တွင် တည်ထားခဲ့ပါသည်။ အစဉ်အလာ မှတ်သားချက်များအရ ယခုပြည်သာယာနယ်မြေအတွင်းရှိ မျက်နှာကြီးဘုရားနှင့် တစ်ချိန်တည်း ဉာဏ်တော်တူတည်ခဲ့သည်ဟု အဆိုရှိပြီး ရှေးယခင်က ဝမ်းတော်ပြည့် ဘုရားပွဲသို့ လာရောက်သူများအား ဘုရားဝင်းနှင့်အပြည့် နေရာချ၍ ဝမ်းအပြည့် စားသုံးရခြင်းကြောင့် ဝမ်းတော်ပြည့်ဘွဲ့အမည်တွင်သည်ဟု အဆိုရှိခဲ့ပါသည်။ ပုဂံခေတ်မှတည်ခဲ့သော ဝမ်းတော်ပြည့်စေတီသည် နှစ်ကာလကြာမြင့်လာသဖြင့် မြေငလျင်ဘေး၊ ရာသီဥတုဒဏ်တို့ဖြင့် ပျက်စီးခဲ့ရသည်။ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီး ၁၉၅၀ ပြည့်နှစ်ခန့်အထိ ဝမ်းတော်ပြည့်စေတီကြီးမှာ ချုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးအုပ်နေခဲ့ရာ ဘုရားငုတ်တိုအဆင့်ရောက်ရှိခဲ့ပြီး ဆရာတော် ဦးသာသနခေါ် ဦးဘာဘူမှ စေတီတော် ပြန်လည်ပြုပြင်ရေးကို စတင်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ်တွင် သိမ်တောင်မှ ဆရာတော် ဦးသူရိယရောက်ရှိပြီးနောက် စေတီတည်ရေးကို အထူးကြိုးပမ်းခဲ့ပြီး ဝမ်းတော်ပြည့်စေတီကို အများကောင်းမှုဖြင့် ၁၉၆၂ ခုနှစ်တွင် ဉာဏ်တော် အတောင် ၆၀ အထိ တည်၍ ထီးတော်တင်လှူနိုင်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် အများကောင်းမှုဖြင့် ဝမ်းတော်ပြည့်စေတီတော်ကြီးအား ဉာဏ်တော် ၇၂ တောင်အထိ မြင့်တင်၍ အရံစေတီ ၇၂ ဆူကိုပါတည်ပြီး မုံရွာသမ္ဗုဒ္ဓေစေတီတော် ပုံစံတူအဖြစ် တည်ထားခဲ့ပါသည်။ ယခင်က နှစ်စဉ်ကျင်းပခဲ့သည့် ဓာတုပူဇနိယ ဓာတ်တော်ပူဇော်ပွဲကိုလည်း ဘုရားရှင်ဓာတ်တော်များ၊ ရဟန္တာတို့၏ဓာတ်တော်များအား စုဆောင်း၍ ဓာတ်တော်တိုက် (ဓာတုဗိမ္မာန်)ကိုပါ ဆောက်လုပ်ပူဇော်ခဲ့ပါသည်။