စာရေးဆရာ ဦးဗထွေးကို ၁၉၃၂ ခုနှစ်တွင် မြောင်းမြ ခရိုင် အိမ်မဲမြို့နယ် သရက်ကုန်းရွာ၌ ဆန်စက်ပိုင်ရှင် ဦးကာစီ၊ ဒေါ်တင့်တို့မှ မွေးဖွားသည်။ မွေးချင်းခြောက် ယောက်အနက် ပဉ္စစမမြောက် ဖြစ်သည်။ ငယ်စဉ်ဘဝကပင် စာရေးစာဖတ် ဝါသနာပါပြီး စာတိုစာစများရေးကာ စာရေးဆရာများနှင့် ဆွေးနွေးလေ့ရှိသည်။ အမည်ရင်းသည် ဦးဗထွေးပင် ဖြစ်သည်။
ဆယ်တန်းအောင်ပြီးနောက် အင်းစိန် စက်မှုလက်မှုကျောင်းသို့ တက်ရောက်ခဲ့ရာ ၁၉၅၄ ခုနှစ်တွင် လျှပ်စစ်ဒီပလိုမာ အောင်လက်မှတ် ရရှိခဲ့သည်။ ဒီပလိုမာရပြီးနောက် လျှပ်စစ်အဖွဲ့တွင် ဝင်ရောက်အမှုထမ်းစဉျ ဂျာမနီနိုင်ငံသို့ လျှပ်စစ်ပညာတော်သင်အဖြစ် သွားရောက်ခဲ့ရသည်။ ဂျာမနီနိုင်ငံတွင် နှစ်နှစ်နီးပါး ပညာသင်ပြီး အမ်-အိုင်-အီး-အီး နှင့် အမ်-အက်စ-အီး လျှပ်စစ်အဖွဲ့ဝင် ဖြစ်လာသည်။ ဂျာမနီမှ ပြန် လာပြီးနောက် ပုသိမ်၊ လွိုင်ကော်၊ ကျိုင်းတုံ၊ မုံရွာ၊ ရမည်းသင်း၊ သာစည်မြို့များတွင် ခရိုင်လျှပ်စစ် အင်ဂျင်နီယာအဖြစ် ပြောင်းရွေ့အမှုထမ်းခဲ့သည်။
၁၉၅၂ ခုနှစ်မှ စတင်၍ ရှုမဝမဂ္ဂဇင်းတွင် မနုဿဝတ္ထုတိုများ ရေးကာ စာပေနယ်သို့ ဝင်ခဲ့သည်။ စာပေသက်နုနယ်ချိန်တွင်ပင် လျှပ်စစ်ဓာတ်အားဖြင့် စက်မှုလက်မှုနိုင်ငံ ထူထောင်ရန် လှုံ့ဆော်သော သတင်းစာဆောင်းပါးများကို ရေးခဲ့သည်။ ဝတ္ထု၊ ဆောင်းပါးများသာမက လောပီတ ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်း၊ မိုးဗြဲစသော မှတ်တမ်းစာအုပ်များကိုလည်း ရေးသားခဲ့ရာ ၁၉၆ဝ ပြည့်နှစ်တွင် လောပီတ ရေအား လျှပ်စစ်စီမံကိန်း အမည်ရှိ စာအုပ်ဖြင့် ယူနက်စကို စာပေဆုကို ရရှိခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် လျှပ်စစ် အန်တရာယ် မှုခင်းအသွယ်သွယ်စာမူဖြင့် အမျိုးသား စာပေ သုတပဒေသာဆု ရရှိခဲ့သည်။ နောက်ဆုံး ရေးသားခဲ့သောလက်ရာမှာ ၁၉၈ဝ ပြည့်နှစ် အောက်တိုဘာလထုတ် သင့်ဘဝမဂ္ဂဇင်းပါ "သူ၏ညာဉ်"ဝတ္ထုတို ဖြစ်သည်။
သိပ္ပံဗထွေးသည် မည်သည့်နေရာဌာနတွင်မဆို သူတွေ့မြင်သော ချွတ်ယွင်းမှု၊ လစ်ဟင်းမှု၊ ဖောက်ပြန်မှုများကို ဖော်ပြ၍ အကြံပေးလမ်းညွှန်မှုများကို ရေးသားတတ်သည်။ ရေးသားတင်ပြပုံမှာလည်း ကိုယ်ပိုင်ဟန် ရှိသည်။ ဝါကျတို၊ စာပိုဒ်တိုများသုံး၍ တိုတိုတိတိ ထိထိမိမိရေးသားပုံသည် သိပ္ပံဗထွေး၏ စာရေးဟန်ပင် ဖြစ်သည်။ မြန်မာအက္ခရာများကိုသုံး၍ ကယား၊ လီစူး၊ နာဂ စာပေများ တီထွင်ခဲ့သည်။
နယ်တွင် အမှုထမ်းနေရာမှ ရန်ကုန်သို့ ပြန်လည်ရွေ့ပြောင်းရပြီးနောက် ရန်ကုန်လျှပ်စစ်ဌာန စာကြည့်တိုက်တွင် တာဝန်ထမ်းဆောင်သည်။ ထိုနောက် ဗဟိုသုတေသန လုပ်ငန်းအဖွဲ့သို့ စာကြည့်တိုက်မှူးအဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်သည်။
ဗဟိုသုတေသနလုပ်ငန်းအဖွဲ့တွင် စာကြည့်တိုက်မှူးအဖြစ် အမှုထမ်းဆဲ ၁၉၈ဝ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်သန်းမြင့်နှင့် သမီးတစ်ဦး၊ သားသုံးဦး ကျန်ရစ်သည်။