ထန်ဘုရား

Listing Description

ထန်ဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်းတင်ရွာအနီးတွင် တည်ရှိပါသည်။ ကလေးမြို့၏ အနောက်တောင်ဘက် ၂၅ မိုင်အကွာတွင်ရှိ၍ သဘာဝအလျောက်ချွန်ထက် မို့မောက်နေသော ဂိဇ္စျကုဋ်တောင်ထက်ပေါ်၌ရှိသဖြင့် ထန်ဘုရားတောင်တော်ကို ကလေးမြို့ကပင် မှုန်ပျပျဖူးမြော်နိုင်ပါသည်။ ကလေး-နတ်ချောင်း ကားလမ်းမ ပေါ်မှဆိုလျှင် ပို၍ထင်ရှားစွာ ဖူးမြင်နိုင်ပါသည်။ ရှမ်းဘာသာစကားနှင့် လိုဏ်ဂူကို “ထန်” ဟုခေါ်၍ ထိုလိုဏ်ဂူရှိသောတောင်ကို "ထန်တောင်" ဟု ခေါ်သည်။ ထိုတောင်အနီး၌ စီးဆင်းသောချောင်းကို "ထန်ချောင်း" ဟုခေါ်ပြီး ယင်းချောင်းအနီးတည်ရှိ၍ လိုဏ်ဂူအတွင်း ဖူးတွေ့ရသောကြောင့် "ထန်ဘုရား" ဟု လူသိများခဲ့ခြင်းဖြစ်သည်။ လိုဏ်ဂူအတွင်း၌ ဆင်းတုတော်နှင့် ဆင်မင်းရုပ်တုတို့သည် ဂူဝကို ကျောပေး၍ အနောက်ဘက်သို့ မျက်နှာမူနေပါသည်။ ဘုရားရှင်၏ နောက်ကျော်မှကပ်၍ ဆင်မင်းသည် ဆင်ချီတိုင်နှင့်အတူ ဘုရားရှင်ကို ဦးခိုက်နေပါသည်။ ဆင်မင်းရုပ်တုနှင့် ဘုရားဆင်းတုတော်မှာ အောက်ခံ ကျောက်သားပကတိနှင့် တစ်ဆက်တည်းဖြစ်ပေါ်လျက်ရှိကြပြီး မည်သူမည်ဝါ လာရောက်ထွင်းထုထားသည်ကိုကား ယနေ့တိုင် အထောက်အထားပြည့်စုံစွာ ဖော်ပြနိုင်ခြင်း မရှိပါချေ။ ထန်ဘုရားရှိရာ လိုဏ်ဂူသို့ သစ်သားစောင်းတန်းမှတစ်ဆင့် လွယ်ကူစွာ တက်ရောက်ဖူးမြော်နိုင်ပါသည်။