ပန်တျာမြင့်အောင်ကို အဘ ဦးအောင်သစ်၊ အမိ ဒေါ်နန်းဦးတို့မှ ၁၉၂၅ ခုနှစ်တွင် ချောက်ရေနံမြေ၌ မွေးဖွားခဲ့သည်။ တဦးတည်းသော သားဖြစ်သည်။ ငယ်စဉ်က စ၍ မြန်မာစာပေ၊ မြန်မာ့ ယဉ်ကျေးမှုရေးရာတို့တွင် အထူး စိတ်ပါဝင်စား၍ လေ့လာ လိုက်စားခဲ့သူ ဖြစ်သည်။ မြန်မာဂီတ၊ မြန်မာအကကို ကျွမ်းကျွမ်းကျင်ကျင် ခြေခြေမြစ်မြစ် နားလည်သူ ဖြစ်သည်။
ပန်တျာမြင့်အောင်သည် ရိုးရိုးသားသားနှင့် အေးအေးနေသူ ဖြစ်သည်။ ခင်မင် ကျွမ်းဝင်သူ များလှသည်။ စာပေတာဝန် ထမ်းဆောင်မှုကြောင့် စာပေ မိတ်ဆွေများနှင့် စာဖတ် ပရိသတ်များ၏ လေးစားမှုနှင့် အသိအမှတ်ပြုခြင်း ခံရသူ ဖြစ်သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဆောင်းပါးပေါင်း နှစ်ရာနီးပါး ရေးသား ပြုစုခဲ့သည်။ ပန်တျာမြင့်အောင်သည် ကျွမ်းကျင်သော ဂီတဇာတ်သဘင် တူရိယာ ဆိုရာ၌ သူ၏ အတွေးအမြင်နှင့် သုံးသပ်ချက်များကို ရေးသား တင်ပြခဲ့သည်။
ထို့ပြင် "ပုဂံသား မောင်ဘကျော်" အတ္ထုပ္ပတ္တိ ဝတ္ထုနှင့် "မြန်မာပြည်ရောက် ကမ္ဘာ့ အနုပညာရှင်များ"၊ "မြန်မာအက သမိုင်း"၊ "မြန်မာ တူရိယာ ဂီတ ပညာကျော်များ" စာအုပ်များကိုလည်း ရေးသား ပြုစုခဲ့သည်။ ပန်တျာမြင်အောင်သည် နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသူ ဖြစ်လေသည်။ သူ၏ အမျိုးသား စိတ်ဓာတ်သည် သူရေးသားသည့် စာပေများတွင် ထင်ဟပ်ခဲ့သည်။ သူ၏ လုပ်ဆောင်ချက်များတွင်လည်း ပေါ်လွင်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ ကာလ၌ ပန်တျာမြင့်အောင်သည် ထိုစဉ်က ချောက်ရေနံမြေ ပြည်သူ့ ရဲဘော် တပ်ဖွဲ့တွင် ရှေ့တန်းက ပါဝင်ခဲ့သူ ဖြစ်သည်။ အသက်၂၀ အရွယ် လူငယ်ပီပီ ငွေအင်အား လူအားလုံး သုံး၍ တက့်ကစွာ ထမ်းဆောင်ခဲ့သည်။ ထိုစဉ်က ပြည်သူ့ ရဲဘော် တပ်ဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော လွတ်လပ်ရေး တပ်ဦးကြီး ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ပန်တျာမြင့်အောင်သည် မွေးရပ်ဌာနေ ဖြစ်သော ချောက်ရေနံမြေမှ ရန်ကုန်သို့ ပြောင်းရွှေ့ လာခဲ့၏ ထို့နောက်သူသည် မဟာဝိဇ္ဇာထိုရ် ရုပ်ရှင် ကုမ္မဏီတွင် လက်ထောက် မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင်သည်။ ထိုပြင် ဗဟိုစံပြ အထက်တန်းကျောင်း (ယခု အထက - ၁ လာသာမြို့နယ်) တွင် ဂီတဆရာ အဖြစ် လည်းကောင်း၊ လက်ထောက် အဆောင်မှူး အဖြစ် လည်းကောင်း ခြောက်နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ယဉ်ကျေးမှု ဌာန ပန်တျာကျောင်း၌ ကဗျာနည်းပြ ဆရာ အဖြစ် ပြောင်းရွှေ့ အမှုထမ်းခဲ့သည်မှာ ကွယ်လွန်ချိန် အထိ ဖြစ်လေသည်။
ပန်တျာမြင့်အောင်သည် စာပေသမားမျှသာ မဟုတ်ဘဲ တေးဂီတတွင်လည်း ဝါသနာထုံသူ ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် ပလွေမှုတ်၊ တယောထိုး၊ ဘင်ဂျိုးတီးခဲ့သည်။ ပတ္တလားကိုမူ ကျွမ်းကျင်စွာ တီးနိုင်လေသည်။ စန္ဒရား သုံးနှစ် သင်တန်းကိုလည်း တက်ရောက် သင်ကြားခဲ့သည်။
၁၉၅၄ ခုနှစ်၊ ပြည်ထောင်စု ယဉ်ကျေးမှု ဌာနက ကြီးမှူး ကျင်းပသော ရွှေတိဂုံ အနောက်မုခ် ပြပွဲ ပြိုင်ပွဲတွင် ပတ္တလား လက်စွမ်းပြ ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သူ ဖြစ်သည်။ ထိုပြိုင်ပွဲ၌ပင် ဘင်ဂျို လက်စွမ်းပြ တတိယ မိုးကြိုး တံဆိပ်ဆု ရရှိခဲ့သူ ဖြစ်သည်။ ထို့ပြင် သူသည် ပြဇာတ်ကို ကိုယ်တိုင်ရေး၍ စင်တင်ခဲ့သည်။ သီချင်းကြီး တပ်ပျိုးများကိုလည်း မြန်မာ့အသံမှ သီဆို အသံလွှင့်ခဲ့သည်။ ခေတ်ပေါ် တေးသီချင်းများကိုလည်း ရေနံမြေမြင့်အောင် အမည်ဖြင့် ရေးစပ်ခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ရန်ကုန် ပန်တျာကျောင်းက တင်ဆက်က ပြသော "တေးဘုံမာ" ပြဇာတ်တွင် ဇာတ်ဆောင် တဦးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ယင်းအတွက် ငွေတံဆိပ်ဆု ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။
၂၆၊ ၁၀၊ ၁၉၇၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ဇနီး ဒေါ်ခင်သိုက်နှင့် သားသမီး ၈ ဦး ကျန်ခဲ့သည်။
ရေးသား ပြုစုခဲ့သော စာအုပ်များ
မြန်မာတူရိယာ ပညာကျော်များ ၁၉၆၂
ပုဂံသားမောင်ဘကျော် ၁၉၆၆
မြန်မာပြည်ရောက် ကမ္ဘာ့ အနုပညာရှင်များ ၁၉၆၇
မြန်မာ့အကသမိုင်း ၁၉၆၉
ယဉ်ကျေးမှုနှင့် ပန်တျာ ၁၉၇၆
မြန်မာ့ဆိုင်းနှင့် နှဲပညာကျော်များ ၁၉၇၇
ပြည်သူ့အသဲစွဲ မယ်အောင်ဗလ ၁၉၈၀