ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့ အရှေ့ဘက် ၃ မိုင် ၅ ဖာလုံအကွာ၊ အုန်းနှဲ-ကဝ ကားလမ်းမြောက်ဘက် ၆ ဖာလုံအကွာ ဖလေးရွာတွင် တည်ရှိပါသည်။ စေတီတော် တည်ရှိရာ ကုန်းတန်းသည် လည်ပင်းသဏ္ဌာန် ရှိသဖြင့် ရှေးခေတ်မွန်တို့သည် ကျိုက်ဒေးကော်ဟု ခေါ်ဆိုခဲ့ကြသည်။ ကျိုက်ဒေးကော်၏ အဓိပ္ပာယ်မှာ တောင်လည်ပင်းဘုရားဟု အဓိပ္ပာယ်ရပါသည်။ စေတီတော်သမိုင်းအရ မြတ်စွာဘုရားသည် သုဝဏ္ဏဘူမိတိုင်း သထုံပြည်သို့ ဒေသစာရီကြွချီလာရာ ရသေ့ခြောက်ပါးအား ဆံတော်တစ်ဆူစီ ချီးမြှင့်ခဲ့ပြီး ထိုရသေ့များသည် မိမိတို့နေထိုင်သော တောတောင်များတွင် ဆံတော်များ ဌာပနာ၍ စေတီတော်များ တည်ထားပူဇော်ကြရာ ဤကျိုက်မတ်ကော်စေတီတော်သည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပါသည်။ စေတီတော်သည် တောတောင်ထဲတွင် တိမ်မြုပ်ပျောက်ကွယ်နေရာ သာသနာနှစ် ၂၃၆ ခုနှစ်အထိ နှစ်ပေါင်း ၂ဝဝ ကျော်ကြာမြင့်ခဲ့သည်ဟု သမိုင်းဆရာတို့က ဆိုပါသည်။ သီရိဓမ္မာသောကမင်းကြီးလက်ထက် သာသနာပြုရဟန္တာများ စေလွှတ်သောအခါ အရှင်သောဏနှင့်အရှင် ဥတ္တရမထေရ်ကို ရာမညတိုင်းသို့ ကြွလာပြီး ကျိုက်မတ်ကော်စေတီတော်အပါအဝင် ဆံတော်ရှင်ကျောက်စေတီခုနစ်ဆူကို ရှာဖွေဖော်ထုတ်ပေးခဲ့ပါသည်။ ထိုအခါ သထုံပြည့်ရှင် စူဠသီရိမာသောကမင်းက တောခြုံများရှင်းလင်းပြီး အသစ်တစ်ဖန် ပြန်လည်တည်ထားကြောင်း သိရပါသည်။ ရဟန္တာနှစ်ပါးက မြတ်စွာဘုရား၏ ပျောက်ဆုံးနေသော သွားတော်ဓာတ် ၃၃ ဆူကို ပြန်လည်ရှာဖွေပြီး တစ်ဆူခွဲပေးသဖြင့် ကျိုက်မတ်ကော်စေတီတော်တွင် ထည့်သွင်းဌာပနာခဲ့ပါသည်။ ထို့ကြောင့် ကျိုက်မတ်ကော်စေတီတော်တွင် မြတ်စွာဘုရား၏ ဆံတော်နှင့် သွားတော် ဌာပနာထားပါသည်။ စေတီတော်သည် ငလျင်ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရကာ အကြိမ်ကြိမ် ပြုပြင်မွမ်းမံခဲ့ရသည်။ စေတီတော်သည် ဉာဏ်တော် အတောင် ၂၁၀ (၃၁၅ ပေ) အမြင့်ရှိကာ မြန်မာနိုင်ငံတွင် ဉာဏ်တော် စတုတ္ထအမြင့်ဆုံးနှင့် ထီးတော် ဒုတိယအကြီးဆုံးဖြစ်ပြီး ယခုအချိန်တွင် ဖူးတွေ့ရသည့်အတိုင်း ကိုးကွယ်နိုင်ရန် ပဲခူး ၁ဝ မိုင်ကုန်းမှ ပတ္တမြားဆရာတော် ဘဒ္ဒန္တသုန္ဒရက တည်ဆောက်ပြုပြင်ခဲ့ပါသည်။ စေတီတော်၏ ထူးခြားချက်မှာ ပန်းတင်ခုံပေါ်တွင် ရဟန္တာ ၅ဝဝ စေတီကြီးကို ဝိုင်းပတ်၍ ဆွမ်းခံကြွနေပုံ ထုလုပ်ထားခြင်းဖြစ်ပြီး ရဟန္တာပုံတော်များမှာ လက်ရာအလွန်မြောက်ပါသည်။