မန္တလေးမြို့၏ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ စဉ့်ကိုင်မြို့နယ်အတွင်း ဒုဌဝတီမြစ်နှင့် ဇော်ဂျီမြစ်တို့ဆုံရာတွင် တည်ရှိသည်။ တွင်းသင်းမြန်မာရာဇဝင်သစ်အရ ခရစ်နှစ် ၁၂၉၈ တွင် ရှမ်းညီနောင်သုံးဦးက ပုဂံဘုရင် ကျော်စွာကို ဖမ်းဆီးခဲ့ပြီးနောက် နောင်တော်ရာဇသင်္ကြန်က မြင်စိုင်းမြို့၊ ညီတော် အသင်္ခရာက မက္ခရာမြို့နှင့် ညီတော် သီဟသူက ပင်လယ်မြို့တွင် မင်းပြုခဲ့ကြသည်။ မက္ခရာကို ညီတော်အသင်္ခရာက မြန်မာသက္ကရာဇ် ၆၆၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ မက္ခရာမြို့ဟောင်း၏ အပြင်မြို့ရိုးသည် အရှေ့မှ အနောက်သို့ နှစ်ဖာလုံ (၁၃၂၀ ပေ)၊ မြောက်မှ တောင်သို့ နှစ်ဖာလုံခွဲ (၁၆၅၀ ပေ)ရှိကာ တောင်ဘက်မြို့ရိုးသည် အရှေ့ဘက်သို့ ပေ ၂၀ဝ ကျော် ချိုးကွေ့နေပြီး မြို့ရိုးပတ်လည်သည် ပေ ၄၉၅၀ ရှိသည်။ မက္ခရာမြို့ကို တည်ခဲ့စဉ်က ၅၆ ပေကျယ်သည့်ကျုံးကို တူးဖော်ခဲ့ပြီး အရှေ့မြို့ရိုးတွင် မင်္ဂလာတံခါးပေါက်ရှိခဲ့သည်ဟု ဆိုသည်။ မြို့ဟောင်းတစ်ဝိုက်တွင် စေတီတော်များ၊ ဂူဘုရားများ ဘုရားပြို၊ဘုရားပျက်၊ ဘုရားကောင်းများ အဆူ ၇၀ ကျော် တွေ့ရှိရသည်။ မက္ခရာမြို့ဟောင်းတွင် လေ့လာစရာ ရှေးဟောင်းသာသနိက အဆောက်အအုံများ၊ ရှေးလက်ရာ ပန်းတမော့၊ နံရံဆေးရေးပန်းချီများစွာရှိပြီး ရွှေစာတီစေတီတော် ခေါ် ရွှေဇာတိရုပ်စေတီ၊ လှေသူကြီးဘုရားခေါ် ရွှေရောင်တော်စေတီ၊ မင်းကြီးရန်နောင်ဂူဘုရား၊ စည်းခုံကြီးစေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊ ဆေးဘုရားကြီး စသည်တို့မှာ ထင်ရှားပါသည်။ မက္ခရာဒေသတွင် ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သည့် အထောက်အထားအဖြစ် မြို့ဟောင်းအတွင်းမှ ကျောက်ကြမ်းနှင့် ကျောက်ချောလက်နက်များ ရရှိခဲ့သည်။ မြို့ဟောင်း အနောက်မြောက်ဘက် ရာဇကြီးဝင်းအတွင်းရှိ စေတီများနှင့် ရှင်ပင်ဆိပ်ဦးစေတီ တစ်ဝိုက်တွင်လည်း ကျောက်လက်နက်များ တွေ့ရှိခဲ့သည်။ မက္ခရာမြို့ဟောင်းသို့အဝင် ဧည့်ပြရွာမြောက်ဘက် တစ်ဖာလုံတွင် ယခင်က ကျောက်ခေတ်သစ်လက်ရာ ကျောက်လက်နက်ဖဲ့စများ အများအပြားရှိခဲ့သည်။ မက္ခရာသည် ကျောက်ခေတ် မှစ၍ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယ၊ အင်းဝနှင့် ကုန်းဘောင် ခေတ်များအထိ ထွန်းကားခဲ့သည့် ရှေးဟောင်း မြို့ပြတစ်ခု ဖြစ်ကြောင်း တွေ့ရှိရသည်။