သတင်းသမားတွေအပေါ် UEC ပြောဆိုမှုကို မီဒီယာအဖွဲ့တွေ ကန့်ကွက်

12-Nov-2020

မဲရုံမှူးကို အင်တာဗျူးမေးမြန်းတာဟာ ဝတ္တရားနှောင့်ယှက်မှုမြောက်ပြီး တရားဥပဒေအရ အရေးယူနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းစာရှင်းလင်းပွဲမှာ ပြောတာဟာ မီဒီယာကို ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်ရောက်ပြီး မီဒီယာအပေါ်  အထက်စီးဆက်ဆံမှုကို ကန့်ကွက်ကြောင်း သတင်းမီဒီယာ အဖွဲ့အစည်း ၇ ခုက ဒီကနေ့  စုပေါင်း ကြေညာချက် ထုတ်လိုက်ပါတယ်။

ကော်မရှင်က နိုဝင်ဘာ ၁၁ ရက်နေ့ မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် အမျိုးသမီးတစ်ဦးက နေပြည်တော် မဲရုံတစ်ခုမှာ မဲပေးသူတွေ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေမကွာဘဲ လူစုလူဝေး ဖြစ်နေတာ၊ နှာခေါင်းစည်းတွေကို မဲရုံထဲဝင်ခါနီးမှ ဝေတာတွေကို တွေ့ရပြီး ဒီအခြေအနေတွေကို ဘယ်လိုအရေးယူဆောင်ရွက်နိုင်မလဲလို့ မေးမြန်းခဲ့ပါတယ်။

ဒါကို သက်သေပြဖို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ပါတယ်။

သတင်းထောက်က မဲရုံမှူးကို အင်တာဗျူး လုပ်ခဲ့ကြောင်း ပြောရာမှာ မဲပေးနေစဉ် မဲရုံမှူးကို ခေါ်ပြီး အင်တာဗျူးလုပ်ခဲ့တယ်ဆိုရင် သတင်းထောက်ဟာ ဝတ္တရားနှောင့်ယှက်မှုနဲ့ ငြိစွန်းတယ်လို့ ကော်မရှင်တာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ခဲ့ပါတယ်။

အများပြည်သူသိအောင် သတင်းထောက်တွေက ကိုယ်စားမေးမြန်းတာဖြစ်ပြီး ဒီလိုပြောဆိုချက်ဟာ သတင်းထောက်တွေကို မမေးရဲအောင် ခြိမ်းခြောက်လိုက်တဲ့ သဘောဖြစ်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ မီဒီယာအတွက် အကန့်သတ်တွေဖြစ်သွားကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက်က တွဲဖက်အတွင်းရေးမှူး ကိုနိုင်မင်းဝေက ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ယက်အပါဝင်၊ မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့၊ လားရှိုးသတင်းထောက်များအဖွဲ့ စတဲ့ မီဒီယာအဖွဲ့အစည်း ၇ ဖွဲ့က ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တာပါ။

ကြေညာချက်အပေါ် တုံ့ပြန်ချက်ရဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ RFA က  ဒီကနေ့ အီးမေးနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်ဖြေကြားတာ မရှိပါဘူး။

ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နဲ့ ကြိုတင်မဲပေးကာလတွေမှာလည်း မြန်မာနိုင်ငံ အချို့နေရာတွေမှာ သတင်းသမားတွေ မေးမြန်းခွင့်၊ မဲရုံပရဝဏ်အတွင်း ဝင်ရောက်ခွင့်မရတာတွေရှိခဲ့ပြီး သတင်းရယူမှုတွေမှာ ကန့်သတ်ချုပ်ခြယ်တာတွေ ရှိခဲ့တယ်လို့ သတင်းမီဒီယာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Crd RFA