ထိုင်းနိုင်ငံတွင်းကိုဗစ်ကူးစက်ခံရမှု မြန်မာနိုင်ငံသားအများအပြားပါဝင်

04-Jan-2021

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား အများစု အပါအဝင် နောက်ထပ် ကူးစက်သူ အတည်ပြုလူနာ ၇၀၀ ကျော် ရှိခဲ့ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် တိုးလာရာမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေမှာ ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိနေတာပါ။ ကူးစက်မှုတွေ အများစုဟာလည်း မြန်မာနိုင်ငံသားတွေ အများအပြား အလုပ်လုပ်ကိုင်နေပြီး တကျော့ပြန် ကူးစက်မှုတွေ စတင်ခဲ့တဲ့ ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်မှာ တွေ့ရှိရကြောင်း ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီဆင်က ပြောပါတယ်။

"ကပ်ရောဂါပိုး ကူးစက်သူလူနာသစ် ၇၄၅ ယောက်ကို ဒီကနေ့ အတည်ပြုစစ်ဆေးတွေ့ရှိခဲ့ရာမှာ နိုင်ငံခြားသားအလုပ်သမား ၅၇၀ ပါဝင်ကြောင်း" ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီဆင်က ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

အခုဆိုရင်ပြီးခဲ့တဲ့ ဒီဇင်ဘာလ လလယ်က စတင်ပြီး ကိုဗစ်ကပ်ရောဂါပိုး အများစုတွေခဲ့တဲ့ စမွတ်စခွန်းခရိုင်၊ မဟာချိုင်ဒေသမှာ ရောဂါကူးစက်ခံရသူ မြန်မာနိုင်ငံသား ၂,၀၀၀ ကျော်လောက် ရှိနေပြီလို့လည်း မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်ရဲ ့ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

"ကျနော်တို့က ၅၀၀ ကျော်ပါနေတယ်။ မနေ့ကထုတ်ပြန်တဲ့အထဲ ၅၄၁ ယောက်ထဲမှာလည်း မြန်မာလူမျိုးက ၄၀၀ ကျော်လောက်ပါနေတယ်။ ကျနော်တို့ စမွတ်ဆာခွန်းခရိုင်က အများဆုံး ဖြစ်နေတယ်။ စမွတ်ဆာခွန်းမှာဆိုရင် မနေ့ကထိ ၁,၈၀၀ ကျော်ပါတယ် ဒီနေ့ဆိုရင်တော့ကျနော်တို့ ရွှေ့ပြောင်းလုပ်သားက ၂,၀၀၀ ကျော်သွားပြီ။"

လူနာတချို့ကိုတော့ လောလောဆယ် ယာယီဆေးရုံ ၂ ခုမှာ ရွှေ့ပြောင်းထားကြောင်းလည်း ဦးအောင်ကျော်က ပြောပြပါတယ်။

"ကျနော်တို့ဆီမှာ ယာယီဆေးရုံ ၂ ခု တည်ဆောက်ထားတယ်။ ကိုးကပ်ဆိုတဲ့ ထိုင်းဘုန်းတော်ကြီး ကျောင်းမှာ ဆောက်ထားတယ်။ အဲဒီမှာ ယာယီအဆောက်အဦးတွေ ဆောက်ထားတယ်။ ကျားဆိုရင်တော့ ဟောခန်းထဲမှာ ထားတယ်။ မိန်းကလေးတွေဆိုရင်တော့ အခန့်လေးတွေ ဆောက်ပေးထားတယ်။ အားလုံးကိုတော့ ခေါ်မသွားသေးဘူး။ အဲဒီက ရောဂါလက္ခဏာပြလာတဲ့ သူမျိုးတွေ သံသယဖြစ်တဲ့သူမျိုးတွေကို ထားထားပါတယ်။"

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၅ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၈,၄၀၀ ကျော် ရှိလာတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲတဲ့ လက စလို့ ကူးစက်မှုအသစ်တွေ တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာပါ။ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၇၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၂၆,၀၀၀ ကျော် ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။

VOA News