မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် စီစစ်မှုတွေ မြန်မာလုပ်ဆောင်နေ

05-Jan-2021

ဗြိတိန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး အာရှနိုင်ငံတချို့မှာပါ ပျံ့နှံ့လာတဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်ကြောင့် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံမှာလည်း ကြိုတင်ကာကွယ်နိုင်အောင် ကြိုးပမ်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတချို့ကိုပါ ပျံ့နှံ့ကူးစက်နေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်မှုတွေနဲ့အတူ သတိပေးချက်တွေလည်း ထုတ်ပြန်နေကြပါတယ်။ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် SARS-CoV-2 ဟာ ကူးစက်နိုင်စွမ်း ၇၀% ထိရှိတာကြောင့် မူလဗိုင်းရပ်စ်ထက် အန္တရာယ်ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေ သတိပေးထားတာကြောင့် ဗြိတိန်နဲ့ မြောက်ပိုင်း အိုင်ယာလန် နိုင်ငံသားတွေ၊ ဒါမှမဟုတ် ဒီနိုင်ငံတွေကို ၁၄ ရက်အတွင်း ခရီးသွားဖူးတဲ့ သူတွေကို နိုင်ငံထဲဝင်ခွင့် ယာယီဆိုင်းငံ့ထားကြော်ငးလည်း မြန်မာအစိုးရက ဇန်နဝါရီ ၂ ရက်မှာ သတင်းထုတ်ပြန်ထားတာပါ။

ရောဂါကူးစက်မှု အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပြင်ပကဝင်လာမယ့်သူတွေကို သီခြားထားစောင့်ကြည့်ကာလ တပတ်ကနေ နှစ်ပတ်အထိ တိုးမြှင့်လိုက်ပြီး အစိုးရကလည်း အသွင်ပြောင်းဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်နေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“ကျမတို့ ဆေးသုတေသန ဦးစီးဌာနကလည်း ဒီအသွင်ပြောင်းပိုး ရှိ၊ မရှိ အသွင်ပြောင်းပိုးနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ် လေ့လာ၊ သုတေသနပြုလျက် ရှိပါတယ်။ အဲဒါက သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်က နမူနာတွေ ရယူပြီးတော့ ဒါမျိုးတွေ စစ်ဆေးပါတာ ရှိပါတယ်။ အခုဆိုရင် ရောဂါဖြစ်ပွားမှု ဘယ်လောက်အထိအောင် ထိန်းချုပ်ရလဲ၊ ဘယ်လောက်တောင် ကြာအောင်စောင့်ရလဲ ပိုးတွေ့မှု ၅ ရာခိုင်နှုန်းအောက် လျော့ဖို့ဆိုတာ။”

ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို နိုင်ငံတချို့မှာ စတင်ထိုးနှံပေးနေချိန်မှာပဲ အသွင်ပြောင်း ဗိုင်းရပ်စ်ပိုးသစ်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဗြိတိန် အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ AstraZaneca ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ထိရောက်မှု ၇၀ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံထုတ် Sinopharm က ၇၉ ရာခိုင်နှုန်း၊ Moderna ကုမ္ပဏီရဲ့ဆေးက ၉၄ ရာခိုင်နှုန်းနဲ့ Pfizer/ BioNTech ကုမ္ပဏီက ထုတ်တဲ့ ဆေးကတော့ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့လည်း သက်ဆိုင်ရာ ကုမ္ပဏီတွေက ကြေညာထားကြပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ဆေးတွေဟာ အသွင်ပြောင်း ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်ပါ့မလား စိုးရိမ်တဲ့ သဘောထားတွေလည်း ထွက်ပေါ်နေတာပါ။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးကတော့ ကာကွယ်ဆေးတွေက ရောဂါပိုးသစ်ကိုပါ ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။

“ကာကွယ်ဆေးရဲ့ အာနိသင်သည် အသွင်ပြောင်းပိုးတွေက လျော့ကျစေခြင်း မရှိဘူးလို့ ဒါမျိုးတွေ ပြောထားတာ ရှိပါတယ်။ ဆေးသုတေသန ပညာရှင်တွေကတော့ ပြောထားတာ တကယ်လို့ ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်တဲ့ အာနိသင်သည် ၉၄/၉၅ % ရှိတယ်ဆိုရင် ဒီအသွင်ပြောင်းပိုး ဆိုရင်တော့ ၈၅ ကနေ ၈၈ အထိလျော့ကျသွားနိုင်တယ်ပေါ့နော်။ ဒီလိုသုံးသပ်ထားတာ ရှိပါတယ်။ သို့သော် လက်ရှိ (ပြည်တွင်းကို) ဝင်ရောက်မယ့် ကာကွယ်ဆေးတွေသည် အသွင်ပြောင်းပိုးကို ကာကွယ်နိုင်မှု ရှိပါတယ်။”

ပြည်တွင်းမှာတော့ စစ်ဆေးမှုတွေအရ အခုထိ မျိုးဗီဇသစ်ကိုရိုနာဗိုင်းရပ်စ်ကို မတွေ့ရသေးဘူးလို့ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

“New variant ဖြစ်လာတဲ့အတွက်ကြောင့် ကူးစက်မှုမြန်မာက လွဲလို့ တခြားပြောင်းလဲမှုတွေကို သူတို့ (ပညာရှင်တွေ) မတွေ့ရသေးဘူး။ ဒါနဲ့ပတ်သက်ပြီး သူတို့ဆက်ပြီး လေ့လာနေတယ်။ မြန်မာနိုင်ငံအနေနဲ့လည်းပဲ ကိုယ့်တိုင်းပြည်ထဲ new variant တွေ ဝင်ရောက်မှုမရှိအောင် surveillance/containment လုပ်နေပြီ။ နောက် medical research ကလည်း ဒါနဲ့ပတ်သက်ပြီးတော့ အခုထိ စစ်ဆေးနေတာတွေတော့ new variant မရှိသေးဘူးလို့ ကြေညာထားတာတော့။”

အသွင်ပြောင်းဗိုင်းရပ်စ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်သူတွေအနေနဲ့ မပေါ့ဆဘဲ အချင်းချင်း သတိပေးဖို့၊ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ လူစုလူဝေးရှောင်ဖို့ ဒီအခြေခံကာကွယ်ရေး ကိစ္စတွေကို ဆက်ပြီးလုပ်နေဖို့ ဆေးပညာရှင်တွေက တိုက်တွန်းပါတယ်။

မြန်မာအစိုးရက ကာကွယ်ဆေးရဖို့ အမေရိကန်၊ တရုတ်၊ ယူကေ၊ ရုရှား၊ အိန္ဒိယ ဒီနိုင်ငံတွေနဲ့ သံတမန်အရ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရသူ တကမ္ဘာလုံးမှာ ၈၅ သန်းနဲ့ သေဆုံးသူက ၂,၀၀၀,၀၀၀ လောက်ရှိပါပြီ။ မြန်မာနိုင်ငံမှာတော့ အစိုးရရဲ့ ဇန်နဝါရီ ၃ ရက် ထုတ်ပြန်ချက် အတိုင်းဆိုရင် ကူးစက်ခံရသူ ၁၂၀,၀၀၀ ကျော်၊ သေဆုံးသူက ၂,၇၀၀ ကျော်ရှိပါတယ်။

VOA News