ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သူတွေထဲမှာ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေပါ ( ၉ - ၁၁ - ၂၀၂၀ )

10-Nov-2020

လွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူထားကြောင်း

အသိပေးကြေညာခြင်း

( ၉ - ၁၁ - ၂၀၂၀ )

၁။     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ ဆင်မြေကျေးရွာတွင် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးရွှေထွန်းနှင့် ရာအိမ်မှူး ဦးသန်းထွန်းစိန်တို့က ကြိုတင်ဆန္ဒမဲ ကောက်ယူချိန်၌ အတူလိုက်ပါလာသည့် မဲရုံကိုယ်စားလှယ်တစ်ဦးက တံဆိပ်တုံးကို စစ်ဆေးကြည့်ရှုခဲ့ရာ UEC အမှတ်တံဆိပ်စာသား မပါသော တံဆိပ်တုံးဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၂။     မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဲရုံအမှတ်(၃)တွင် ဦးသိန်းဇော်သည် ဆန္ဒမဲပေးရန်အတွက် ၎င်းဝတ်ဆင်လာသည့် အင်္ကျီ အိတ်ကပ်အတွင်းမှ တံဆိပ်တုံး ထုတ်ယူစဉ် မဲရုံဝင်ပေါက်အနီး မဲရုံလုံခြုံရေးက စစ်ဆေးရာ UEC အမှတ်တံဆိပ်မပါသော တံဆိပ်တုံး ဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။

၃။     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ အင်းရွာကြီးကျေးရွာအုပ်စု၊ တလင်းကုန်းကျေးရွာ၊ မဲရုံအမှတ်(၂)၌ ဦးအောင်ဇော်ဝင်း သည် ၈-၁၁-၂၀၂၀ ရက်နေ့ တွင် ဆန္ဒမဲပေးရာ၌ UEC အမှတ်အသားမပါသော တံဆိပ်တုံးအတုဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆန္ဒမဲ လက်မှတ်များအား ဆန္ဒပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၄။     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတရာကျေးရွာ အုပ်စုတွင် ကြိုတင်ဆန္ဒမဲများကောက်ယူစဉ် ဒေါ်အေးမြင့် ဆိုသူသည် ၎င်း၏သမီးဖြစ်သူ၏ အမည်ဖြင့် သူတစ်ပါးအယောင်ဆောင်၍ မဲပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၅။     ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ မဲရုံအမှတ် (၁)တွင် ဒေါ်ဇင်မာလွင် ဆိုသူသည် ဆန္ဒမဲတစ်ကြိမ်ပေးပြီးနောက် ၎င်း၏ယောင်းမ တော်စပ်သူ အဖြစ် သူတစ်ပါးအယောင်ဆောင်၍ ထပ်မံဆန္ဒမဲပေးခဲ့ပြီး စုစုပေါင်းဆန္ဒမဲ(၂)ကြိမ် ပေးခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ပါသည်။

၆။     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ သမင်ဘေးကျေးရွာအုပ်စုတွင် ဒေါ်သီသီခိုင် သည် မဲဆန္ဒနယ်အမှတ်(၁)အတွင်းရှိ မဲရုံအမှတ်(၁)၌ ပထမအကြိမ် ဆန္ဒပြုခဲ့ပြီး မဲဆန္ဒနယ်အမှတ်(၂)အတွင်းရှိ အမှတ်(၃)ရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် ထပ်မံဆန္ဒပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၇။     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာနေ ဒေါ်မြတ်ဆုလှိုင်သည် ဆန္ဒမဲပေးရာတွင် ကွင်းကောက်တောင်ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)တွင် တစ်ကြိမ်၊ ကွင်းကောက်မြောက်ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၃) တွင် တစ်ကြိမ် စုစုပေါင်း ဆန္ဒမဲ(၂)ကြိမ်ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၈။     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူ ဦးတင်ထွန်းလွင်အောင် သည် အမှတ်(၉)ရပ်ကွက်၊ ဆေးရုံသစ်ဘေး၊ ဦးသုခ အမက ကျောင်းဝင်းအတွင်းရှိ မဲရုံအမှတ်(၂)တွင်တစ်ကြိမ်၊ အမှတ်(၅)ရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် တစ်ကြိမ် စုစုပေါင်း ဆန္ဒမဲ(၂)ကြိမ်ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၉။     စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နေ ဦးစိုးလွင်(ခ)ဦးစိုးဦး ကြိုတင်ဆန္ဒမဲပေးရာတွင် ကျွန်းရွှေဝါရပ်ကွက်၊ မဲရုံအမှတ် (၁)တွင် တစ်ကြိမ်၊ ဟဲလှော်ကျေးရွာ၊ မဲရုံအမှတ်(၂)တွင် တစ်ကြိမ် စုစုပေါင်း ကြိုတင်ဆန္ဒမဲ(၂)ကြိမ်ပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိ ခဲ့ပါသည်။

၁၀။     ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ နမ့်တီးကျေးရွာ၊ မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စိုင်းအိုက်သန်း မဲပေးရမည့် (အစား) ၎င်း၏တူတော်စပ်သူ စိုင်းနွံဟန်းက ကိုယ်စားဆန္ဒမဲပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၁၁။     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးသန်းစိုး၊ အဖွဲ့ဝင် ဦးဖိုးပြား(ခ) ဦးထွန်းလှ နှင့် အတွင်းရေးမှူး ဦးမြင့် တို့သည် မဲဆန္ဒရှင် ဦးချစ်ဌေးနှင့် ဒေါ်လှဌေး တို့အား ဆန္ဒမဲလက်မှတ် (၃)စောင်စီ ထုတ်ပေးရန်ဖြစ်သော်လည်း (၂) စောင်စီ သာ ထုတ်ပေးပြီး လက်မှတ်ရေးထိုးစေ ခဲ့ကြောင်း၊ ထပ်မံ၍သွားရောက်ပြောကြားစဉ် လက်မှတ်(၃)ခုထိုးထားသည်ကို တွေ့ရှိရပြီး ၎င်းတို့အမည်ဖြင့် ကျန်မဲလက်မှတ် တစ်စောင်စီကို လိမ်လည်လက်မှတ်ရေးထိုး၍ မဲပေး ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၁၂။     ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၊ ကျုံမငေးမြို့၊ ပုလဲအောင်မြေ ရပ်ကွက်၊ ပုလဲငွေရောင်လမ်းတွင်နေထိုင်သူ ဦးဝင်းမင်းဦးသည် ပုလဲအောင်မြေရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးချိန်၌ ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲလက်မှတ်အား ဆန္ဒပြုပြီးနောက် မဲပုံးထဲသို့မထည့်ဘဲ ဆုတ်ဖြဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၁၃။     အထက်ဖော်ပြပါ ဖြစ်စဉ်များကိုကျူးလွန်ခဲ့သည့် ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးရွှေထွန်းနှင့် ရာအိမ်မှူး ဦးသန်းထွန်းစိန်၊ ဦးသိန်းဇော်၊ ဦးအောင်ဇော်ဝင်း၊ ဒေါ်အေးမြင့်၊ ဒေါ်ဇင်မာလွင်၊ ဒေါ်သီသီခိုင်၊ ဒေါ်မြတ်ဆုလှိုင်၊ ဦးတင်ထွန်းလွင်အောင်၊ ဦးစိုးလွင်(ခ)ဦးစိုးဦး၊ စိုင်းနွံဟန်ခေး၊ တန့်ဆည်မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသန်းစိုး နှင့် ဦးဖိုးပြား (ခ) ဦးထွန်းလှ၊ အတွင်းရေးမှူး ဦးမြင့်၊ ဦးဝင်းမင်းဦး တို့အား သက်ဆိုင်ရာ မြို့နယ်ရဲစခန်း များတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈၊ ၅၉ တို့နှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း အသိပေးကြေညာအပ်ပါသည်။

 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်