ကိုဗစ်ကာကွယ်ဆေး အတည်ပြုမှု ရလာချိန် နိုင်ငံတချို့ ကူးစက်မှုတိုးနေ

13-Dec-2020

နိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ခွင့်ပြုချက် ရလာတာနဲ့အတူ COVID-19 ကူးစက်မှုနှုန်းများတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေး အစောတလျင်ထိုးပေးဖို့ လိုအပ်လာနေပါတယ်။

တောင်ကိုရီးယားမှာ တရက်ကူးစက်မှုနှုန်း ၁,၀၀၀ ကျော်နေတာ ၂ ရက်ဆက်တိုက်ရှိနေပြီ ဖြစ်တယ်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ဒီကနေ့ ပြောပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့အပတ်က တရက်တည်းမှာတင် ကူးစက်သူ ၂၅,၀၀၀ ကျော်ရှိတာပါ။ အခုထိ အမေရိကန်မှာ COVID-19 ကူးစက်သူပေါင်း ၁၆ သန်းရှိပြီး ၃ သိန်းနီးပါး သေဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေထဲ အီတလီမှာလည်း ကူးစက်မှုနှုန်း များနေတာပါ။ နိုဝင်ဘာလ အစောပိုင်းကနေ အခုထိ အီတလီမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၅,၀၀၀ ကျော်ရှိပါတယ်။

Johns Hopkins တက္ကသိုလ် စာရင်းတွေအရ တကမ္ဘာလုံး ကူးစက်သူ ၇၁ သန်းကျော်နဲ့ သေဆုံးသူက ၁.၆ သန်း ရှိပါတယ်။

လူတိုင်း ရောဂါစစ်ဆေးမှု မလုပ်ကြတာနဲ့ တချို့က ရောဂါကူးစက်ထားပေမယ့် လက္ခဏာမပြတာကြောင့် ကူးစက်တဲ့သူ အရေအတွက် ဒီ့ထက်ပိုနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အမေရိကန် Pfizer နဲ့ ဂျာမနီ BioNTech ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်တဲ့ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပြီမို့ တနင်္လာနေ့လောက်မှာ ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေကို စတင်မယ်လို့ ခန့်မှန်းထားပါတယ်။

မက္ကဆီကိုကလည်း သောကြာနေ့က Pfizer BioNTech ကာကွယ်ဆေး အရေးပေါ် အသုံးပြုခွင့် ပေးလိုက်တဲ့အတွက် ဗြိတိန်၊ ဘာရိန်း၊ ကနေဒါနဲ့ ဆော်ဒီအာရေဗျ အပါအဝင် ဒီဆေးကို အသုံးပြုခွင့်ပေးတဲ့နိုင်ငံ ၆ နိုင်ငံရှိပြီ ဖြစ်ပါတယ်။

VOA News