ဂိုဏ်းချုပ်ဘုန်းတော်ကြီး ၁၃ ပါး ပုပ်ရဟန်းမင်းကြီးက ခန့်အပ်

29-Nov-2020

ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က စနေနေ့မှာ ရဟန်းမင်း အမတ် ၁၃ ပါးကို ထပ်မံခန့်အပ်ပါတယ်။ ကက်သလစ် ကျောင်းတော်ရဲ့ ရာထူးကြီးပိုင်း တာဝန်အပ်နှင်းခံရတဲ့အထဲမှာ အာဖရိကန်-အမေရိကန် တဦးလည်း ပထမဆုံးအနေနဲ့ ပါဝင်လာပါတယ်။

အခုလို ရဟန်းမင်းအမတ်တွေ ထပ်မံတိုးချဲ့ ခန့်ထားမှုဟာဆိုရင် တချိန်မှာ ပုပ်ရဟန်းမင်းကြီး Farncis ကို ဆက်ခံမယ့် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ရမယ့် အဖွဲ့တွင်းမှာတော့ သက်ရောက်မှု ရှိစေပါတယ်။ ရဟန်းမင်းအမတ်သစ် ခန့်အပ်ပွဲကိုတော့ COVID-19 ကပ်ဘေးရောဂါကြောင့် အခမ်းအနားကို အကျဉ်းချုံးပြီး ကျင်းပခဲ့ပါတယ်။

အရင်က ရဟန်းမင်းတပါးကို ဧည့်သည်ထောင်နဲ့ချီ လက်ခံခဲ့ပေမယ့် အခုတော့ စိန့်ပီတာကျောင်းတော်မှာ ရဟန်းမင်းအမတ်တပါးကို ဧည့်သည် ၁၀ ဦးပဲ ခွင့်ပြုခဲ့ပါတယ်။

အခမ်းအနားမှာတော့ ပုပ်ရဟန်းမင်းကြီးက ရဟန်းမင်းအမတ်တွေကို အစဉ်အလာ အဆောင်အယောင်တွေ ချီးမြှင့်ခဲ့ပါတယ်။ အခု အသစ်ခန့်အပ်တဲ့ ရဟန်းမင်းအမတ် ၁၃ ပါးထဲမှာ ၉ ပါးက အသက် ၈၀ အောက်ဖြစ်ပြီး ကက်သလစ်ကျောင်းတော်ရဲ့ စည်းမျဉ်းအရ ပုပ်ရဟန်းမင်းကြီး Francis နောက်ပိုင်း ဆက်ခံမယ့် ပုပ်ရဟန်းမင်းကြီးသစ်ကို အချင်းချင်းထဲက ပြန်လည် လျှိုဝှက်ရွေးချယ်ခွင့်ရှိသူတွေ ဖြစ်ပါတယ်။

VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။