Covid-19 ကာကွယ်ဆေးဝယ်ယူရန် ကမ္ဘောဇဘဏ်က ငွေကျပ် ၃ ဘီလီယံ လှူဒါန်း

10-Jan-2021

နေပြည်တော် ဇန်နဝါရီ ၉

ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) သို့ COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၀၀၀ (ငွေကျပ် ၃ ဘီလီယံ) ကို ဇန်နဝါရီ ၇ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ယခု ကိုဗစ်-၁၉ ကာကွယ်ဆေး လှူဒါန်းမှု အပါအဝင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစတင်ကာ ယနေ့အထိ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးတွင် ယနေ့ အချိန်အထိ ငွေကျပ် ၁၈၄ ဘီလီယံကျော် လှူဒါန်းထားကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အင်တိုက်အားတိုက် ပါဝင်လှူဒါန်းဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်သန်း ၃၀၀၀ (၃ဘီလီယံ)ကို နိုင်ငံတော်မှ သတ်မှတ်ထားသော COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စာရင်းအမှတ်သို့ ပေးသွင်း ထည့်ဝင်သွား မည်ဖြစ်ကြောင်းနှင့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားရန် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်