အမေရိကန်နိုင်ငံ၌ လာမည့်ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ဖြန့်ဝေပေးမည်

26-Nov-2020

ဝါရှင်တန် နိုဝင်ဘာ ၂၅

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်ဖြန့်ဝေပေးတော့မည်ဖြစ်ကြောင်း အမေရိကန်ကျန်းမာရေးနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှုဝန်ကြီး အဲလက်စ်အက်ဇာက ယမန်နေ့တွင်ပြောကြားခဲ့သည်။

ကာကွယ်ဆေးဖြန့်ဝေပေးမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့နှင့် ဒီဇင်ဘာ ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီး အက်ဇာက ဆိုသည်။ အရေးပေါ်လူနာများအတွက် အဆိုပါကာကွယ်ဆေးအသုံးပြုရာတွင် မည်မျှ အကျိုးသက်ရောက်မှုရှိသလဲဆိုသည့်အချက်များကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ အတည်ပြုချက်အပြီး တစ်နိုင်ငံလုံးသို့ တစ်ရက်အတွင်း ကာကွယ်ဆေးဖြန့်ဝေပေးနိုင်ကြောင်း ဝန်ကြီး အက်ဇာက ဆိုသည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ၏ ထောက်ခံပေးမှု အပေါ် မူတည်ပြီး ဦးစားပေးအဆင့်အလိုက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဝန်ကြီး အက်ဇာက ပြောကြားခဲ့သည်။

ဒီဇင်ဘာလနှောင်းပိုင်းမတိုင်မီ ကာကွယ်ဆေး ပုလင်းပေါင်း သန်း ၄၀ ခန့်ဖြန့်ဝေပေးရန် ရည်ရွယ်ထားပြီး ကာကွယ်ဆေး ပုလင်းပေါင်း ၆ ဒသမ ၄ သန်းခန့်ကို ကနဦးအနေဖြင့် စတင်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ကာကွယ်ဆေးဖြန့်ဝေရေးဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။

ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Pfizer က ၎င်း၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ နိုဝင်ဘာ ၂၀ ရက်က သုံးစွဲခွင့်အတည်ပြုချက်ရယူရန် ပေးပို့ခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထွက်ပေါ်လာသော်လည်း ဆေး အာနိသင်မပျက်ပြယ်စေရန် ၎င်းတို့ကို လိုအပ်သောအပူချိန်နှုန်းထားများတွင် ထားရှိရန် လိုအပ်သည်။

Pfizer ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အနုတ် ၆၀ မှ အနုတ် ၈၀ ဒီဂရီစင်တီဂရိတ်တွင် သိမ်းဆည်းထားရမည်ဖြစ်ပြီး Moderna ကုမ္ပဏီ ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်တွင် သိမ်းဆည်းရမည်ဖြစ်သည်။

ကိုးကား- အင်န်အိတ်ချ်ကေ၊ ဘာသာပြန်- အောင်ကျော်ကျော်