ရှေးမြန်မာဘုရင်များလက်ထက်ကတည်းကစတင်၍ မြန်မာနိုင်ငံတွင်ခိုင်မာသည့် တရားစီရင်ရေးစနစ်နှင့် ဥပဒေရေးရာ အခြေခံအုတ်မြစ်တို့ တည်ရှိခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ရိုးရာဥပဒေသည် ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးတို့ဖြင့် ဖွဲ့စည်းထားပါသည်။
ရာဇသတ်ဟူသည် ပြည့်ရှင်ဘုရင်၏ အမိန့်ပြန်တမ်းနှင့် တစ်ချက်လွှတ်အမိန့်များဖြစ်ပြီး ၎င်းတွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ခိုးမှု အစရှိသည့် မှုခင်းများ အပါအဝင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် ဘုရင်မှ ထုတ်ပြန်သည့် အမိန့်များ၊ ရာဇဝတ်ဥပဒေများ ပါဝင်ပါသည်။
ဓမ္မသတ်ဆိုသည်မှာ ခေတ်အလိုက် ရွေးထုတ်စုစည်းထားသော မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။ ထင်ရှားသည့် တရားသူကြီးများနှင့် လူပညာရှိများ၏ ဆုံးဖြတ်ချက်၊ ရေးသားချက်များ စဉ်းစားဆင်ခြင် ကောက်ယူပုံအကြောင်းအချက်များ၊ သဘောတူဆုံးဖြတ်ချက်များ ပါဝင်သည့် မြန်မာတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။ အမှန်စင်စစ် ဓမ္မသတ်များသည် လူမှုပြဿနာများအတွက် ချမှတ်ထားသည့် တရားဥပဒေမူများ၊ စည်းမျဉ်းစည်းကမ်းများ၊ အထူးသဖြင့် လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ အမွေဆက်ခံခြင်း၊ မွေးစားခြင်းအစရှိသည့် ကိစ္စရပ်များနှင့်နှီးနွယ်သည့် တရားမဥပဒေများ စုစည်းပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ ဥပဒေစည်းမျဉ်းစည်းကမ်းများသည် "ဥပဒေအရ အားလုံး တန်းတူ ရည်တူ အခွင့်အရေး ရှိသည်" ဟူသည့် မူအပေါ် အခြေခံထားခြင်းဖြစ်ပြီး အဆိုပါမူကို ယနေ့တိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတရားရုံးများတွင် ဆက်လက်လိုက်နာကျင့်သုံးလျက် ရှိပါသည်။
ဖြတ်ထုံးဆိုသည်မှာ လက်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ထုံးများကဲ့သို့ တရားရုံးများ၊ ခုံရုံးများနှင့် ဘုရင့်လွှတ်တော်၏ တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ဖြစ်ပါသည်။
ထိုခေတ်ကာလကပင် ပြစ်မှုနှင့် တရားမတရားစီရင်ရေးဟူ၍ ကွဲပြားခြားနားမှု ရှိခဲ့ပါသည်။ အများပြည်သူ လုံခြုံမှုကို ထိခိုက်စေသော၊ ငြိမ်းချမ်းသာယာမှုကို အလုံးစုံ ထိခိုက်ပျက်ပြားစေသော ပြုလုပ်မှုများကို တားဆီးခြင်း၊ အပြစ်ပေးခြင်း ကိစ္စရပ်များအတွက် အစိုးရ၏ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းရပ်၊ အစိတ်အပိုင်းရပ်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ တစ်ဖက်တွင် တရားမတရားစီရင်ရေးကို ဘုရင်မှ ခန့်အပ်သည့် တရားသူကြီးများ၊ နှစ်ဖက်အမှုသည်များ သဘောတူ ရွေးချယ်သည့် ခုံသမာဓိ လူကြီးများက ဆောင်ရွက်စေခဲ့ပါသည်။ သဘောသဘာဝအားဖြင့် အယူခံအတွက် နောက်ဆုံးအဆင့် ဘုရင်ထံ အယူခံဝင်ရောက်ရန် ထားရှိသော်လည်း ခုံသမာဓိလူကြီးများ၏ ဆုံးဖြတ်ချက်အတွက် အယူခံခွင့်မရှိပါ။
လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိပြီးနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်နှင့် အဆင့်ဆင့်သော တရားရုံးများကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီမှ နိုင်ငံတော် အာဏာကို ရယူခဲ့ပြီးနောက် တရားစီရင်ရေး စနစ်အား ဆိုရှယ်လစ်တရားစီရင်ရေးစနစ်သို့ အသွင်ပြောင်းလဲခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်အား ဖျက်သိမ်းပြီး ယင်းတို့အစား တရားရုံးချူပ်ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုတရားရုံး၊ ပြည်နယ်နှင့် တိုင်းတရားရုံးများ၊ မြို့နယ် တရားရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတရားရုံးများကို ဖွဲ့စည်းခဲ့ပါသည်။ ထိုခေတ် တရားစီရင်ရေးစနစ်၏ ထူးခြားချက်မှာ တရားရုံးအဆင့်ဆင့်တွင် လုပ်သားပြည်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မြန်မာနိုင်ငံ၌ တရားစီရင်ရေး ဆောင်ရွက်ရန်နှင့် အဆင့်ဆင့်သော တရားရုံးများ ဖွဲ့စည်းရန်အတွက် ၁၉၈၈ ခုနှစ်၊ တရားစီရင်ရေး ဥပဒေကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ တရားရုံးများ ပြင်ဆင်ဖွဲ့စည်းရန်နှင့် တရားစီရင်ရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၇ ရက် နေ့တွင် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေးဥပဒေကို ပြဌာန်းပြီးနောက် ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေအား ဖျက်သိမ်းခဲ့ပါသည်။
မျက်မှောက်ခေတ် တရားစီရင်ရေးစနစ်သည် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတို့အရ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။