ဝန်စာရေးဦးကြီးသည် ပထမဆုံး မြန်မာ့ကာလပေါ်ဝတ္ထုဖြစ်သည့် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ကို ရေးသားခဲ့သူ ဖြစ်သည်။
ဦးကြီးကို မန္တလေးမြို့၊ အောင်နန်းရိပ်သာ အရပ်နေ အဖ ဦးအုံးဖူး၊ အမိ ဒေါ်ခင်ခင် တို့က ၁၈၅၈ ခုနှစ်တွင် ဖွားမြင်သည်။ အဖ ဦးအုံးဖူး၏ အစ်ကိုမှာ ဦးစ ဖြစ်၍ မြန်မာပညာရှိ စတုရင်္ဂဗလ ဦးဖေ၏ ဖခင်ဖြစ်သည်။ သို့ဖြစ်ရာ ဦးဖေနှင့် ဦးကြီးတို့မှာ ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်သည်။ အမိ ဒေါ်ခင်ခင်မှာ ကိုးခရိုင်မြို့စား သံရွာမင်းသား၏ သမီးဖြစ်သူကို ထိန်းကျောင်းရသော အထိန်းတော်ဖြစ်သည်။ အထိန်းတော်ဘဝတွင် ဒေါ်မိုးကြီး ဟု တွင်သည်။
ငယ်စဉ်က မန္တလေးမြို့၊ မိုးကောင်းအောက်ကျောင်း အာစာရာဘိ စတုမဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဆရာတော်ထံ၌ ပိဋကတ်သုံးပုံနှင့် လောကီကျမ်းအမျိုးမျိုးကို လည်းကောင်း၊ သင်္ဂဇာဆရာတော်၏ တပည့် အနောက်သင်္ဂဇာတိုက် ဆရာတော် ဦးကေသရ (ဦး ဇာဂရ) ထံတွင် ကဗျာရေးနည်းကို ဦးဖေနှင့်အတူ သင်ကြားခဲ့သည်။
သီပေါမင်းလက်ထက်တွင် တိုင်တားမင်းကြီး ဦးဖိုး၏ ဝန်စာရေးအဖြစ် အမှုထမ်းခဲ့သည်။ ငယ်စဉ်ကပင် နန်းတွင်းနှင့် အဆက်အဆံရှိပြီး မင်း (၂) ဆက် မီခဲ့သူဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာ မင်းညီမင်းသားမင်းသမီးများ၏ သဘောသဘာဝကို စရိုက်ပေါ်အောင် သရုပ်ဖော်နိုင်ခြင်းဖြစ်သည်။
သီပေါမင်းပါတော်မူပြီ:နောက် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ရပ်တွင် အခြေချသည်။ ကြည့်မြင်တိုင် ဥယျာဉ်လမ်းနေ မန္တလေးသားဖြစ်သူ ဆန်ကုန်သည် ဦးပိုက်နှင့် ကြည့်မြင်တိုင်သူ ဒေါ်ခါတို့၏ သမီး၊ ဒေါ်အုန်းနှင့် အိမ်ထောင်ကျသည်။ ကြည့်မြင်တိုင်တွင်ပင် စာပုံနှိပ်တိုက်ထောင်ကာ ကိုယ်တိုင်ရေးသားထုတ်ဝေသည်။ စကားပုံတစ်ထောင် နှင့် ခန္ဓာပူရ ဝတ္ထု တို့သည် ထိုစဉ်က ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
ဒေါ်အုန်းနှင့် သား (၂) ယောက်၊ သမီး (၁) ယောက် ထွန်းကားသည်။ ထို့နောက် ဒေါ်အေးသဲ့ နှင့် အိမ်ထောင်ထပ်ပြုသည်။ ထို့ကြောင့် ဒေါ်အုန်းနှင့် အိမ်ထောင်ကွဲကာ ပုံနှိပ်လုပ်ငန်းကိုပါ ဖျက်သိမ်းလိုက်ရသည်။
ထို့နောက် ရန်ကုန် သစ်သီးဈေးတွင် ဆရာဦးမောင်ကြီး ဆေးတိုက် အမည်ဖြင့် ဆေးဆိုင်ဖွင့်သည်။ ၁၉၀၆ ခုနှစ်ထုတ် ဝန်စာရေးမင်း ဦးကြီး ဆုံးမစာ တွင်လည်း ရန်ကုန်မြို့ သံဈေးဟောင်း တောင်ဘက် ဆေးတိုက်ရှင် ဆရာဦးမောင်ကြီး၏ ပွေးဆေး ဟူသော ကြော်ငြာကို တွေ့ရသည်။ ဆေးတိုက်တွင် အရောင်းတွင်ကျယ်လာရာ စာရေးများ ခန့်အပ်ခဲ့သည်။ စာရေးမအချို့နှင့် ငြိစွန်းခဲ့ရာ ဒေါ်သိန်းတင်၊ ဒေါ်ကျော့မေ၊ ဒေါ်ပု (၁)၊ ဒေါ်ပု (၂)၊ ဒေါ်လှမြိုင် စသည်ဖြင့် ဇနီး (၂၀) ခန့် ရှိခဲ့သည်။ အချို့ကို အိမ်တွင် ခေါ်ထားသော်လည်း အချို့ကို အရောင်းသမအဖြစ်ပင် ဆက်လက်လုပ်ကိုင်စေသည်။
ဟံသာဝတီတိုက်တွင် အယ်ဒီတာလုပ်စဉ် တိုက်ရှင်၏ တိုက်တွန်းမှုကြောင့် မောင်မှိုင်း ဝတ္ထု ကို ၁၉၀၄ ခုနှစ်တွင် စတင် ထုတ်ဝေသည်။ အရောင်းတွင်ကျယ်သောကြောင့် ဟံသာဝတီမှသာမက ရန်ကုန်မြို့ စဉ့်အိုးတန်းအောက်လမ်း တိုက်နံပါတ် (၁၀) ရှိ ဧရာဝတီပုံနှိပ်တိုက်မှလည်း ထုတ်ဝေခဲ့ရသည်။ ထို့ကြောင့် စာအုပ်ရှင် အီဗြာဟင်၊ မူရှင် ဝန်စာရေးဦးကြီး ရေးသည် ဟူသော စာအုပ်များကို တွေ့ရသည်။ ဒုတိယတွဲ၊ တတိယတွဲများကို ဟံသာဝတီအပြင် အခြားထုတ်ဝေသူများကပါ ထုတ်ဝေကြောင်း သိရသည်။ မောင်မှိုင်းမှ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း သို့ အမည်ပြောင်းသွားခြင်းကိုမူ မသိရှိရပေ။ ဒုတိယတွဲ၏ အမှာစာတွင်မူ ဝန်စာရေးဦးကြီးရေးသားသည့် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဟူသော စကားရပ်ကို တွေ့ရသည်။ ပထမတွဲအား ကိုယ်တိုင်ရေးသော်လည်း ကျန်အတွဲများကို နှုတ်ဖြင့်ခေါ်ပေးပြီး တပည့်များက လိုက်ရေးရသည်။ ကမာရွတ် လက်ခုပ်ပင်ရွာနေ ကိုသံချောင်းနှင့် သဘင်ဝန် ဦးနု တို့သည် စာလိုက်တပည့်များ ဖြစ်ခဲ့သည်။ ဇာတ်ကောင်တစ်ဦးအား မူသေထား၍ ရေးသားရာတွင် ဦးကြီးမှာ အစောဆုံးဟု ဆိုနိုင်သည်။
၁၉၂၄ ခုနှစ်တွင် မျက်စိကွယ်ခဲ့သည်။ နှစ်နှစ်အကြာ ၁၉၂၆ တွင် ရန်ကုန်မြို့၊ အလုံရပ်၌ ဇနီး ဒေါ်ပု (၂) ၏ လက်၌ ကွယ်လွန်သည်။
ရေးသားခဲ့သော ဝတ္ထုများ
၁ သာသနာနုဂ္ဂဟ အတိဝေပုလ္လ စာတမ်း
၂ စကားပုံတစ်ထောင်
၃ ခန္ဓာပူရ ဝတ္ထု
၄ မောင်မှိုင်း ဝတ္ထု (ပထမတွဲ)
၅ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထု (ဒုတိယတွဲ)
၆ မောင်ဘသန်း မသန်းမေ ဝတ္ထု (ပထမတွဲ)
၇ မောင်ဘသန်း မသန်းမေ ဝတ္ထု (ဒုတိယတွဲ)
၈ မြကလေး ဝတ္ထု (ပထမတွဲ)
၉ မြကလေး ဝတ္ထု (ဒုတိယတွဲ)
၁၀ စိန်ကလေး ဝတ္ထု (ပထမတွဲ)
၁၂ စိန်ကလေး ဝတ္ထု (ဒုတိယတွဲ)
၁၃ ခင်ခင်ညွန့် ဝတ္ထု
၁၄ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထု (တတိယတွဲ)
၁၅ မောင်ဖန်ကလေး ဝတ္ထု
၁၆ လိမ္မာသောကြက်တူရွေး ဝတ္ထု
၁၇ လိမ္မာသောသာလိကာ ဝတ္ထု
၁၈ စကားတောင်စား ဝတ္ထု