အဖဦးချစ်ဖေ၊ အမိ ဒေါ်ခင်တင့်တို့မှ ၁၉၂ဝ ပြည့်နှစ်၊ ဇွန်လ ၇ရက်နေ့တွင်ရန်ကုန်မြို့၌ ဖွားမြင်သည်။ မွေးချင်းညီအစ်ကို နှစ်ဦးအနက် အငယ်ဖြစ်သည်။ ငယ်စဉ်တစ်နှစ်သားတွင် ဖခင်ကွယ်လွန်ပြီးမိခင်မှာလည်း နောက်အိမ်ထောင် ပြုသွား၍ အဒေါ်အပျိုကြီးများနှင့် အတူကြီး ပြင်းသည် အထိနေထိုင်ရသည်။ ၁၉၂၉ ခုနှစ် အသက်ကိုးနှစ် ရောက်မှ မူလတန်းပညာကို စတင်သင်ယူသည်။ ကျောင်းတွင် ပညာ ထူးချွန်သောကြောင့် ဆရာဆရာမများက အတန်းကျော်၍ တင်ပေးခြင်း ခံရသည်။ ၁၉၃၆ ခုနှစ်အသက် ၁၆ နှစ်တွင် ၁ဝ တန်းစာမေးပွဲကို မြန်မာစာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင် သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာသင်ယူသည်။ ရန်ကုန်တက္ကသိုလ်နေ့ကျောင်းသားအသင်းနှင့် စက်မှုသိပ္ပံကျောင်းသား အသင်းများတွင် အသင်းဝင်ဖြစ်သည်။ ၁၉၄၁ ခုနှစ်ဘီ အက်စ်စီ(အင်ဂျင်နီယာ) နောက်ဆုံးနှစ်တွင် ဘွဲ့မ ယူဘဲ တက္ကသိုလ်မှ နုတ်ထွက်ပြီး တော်လှန်ရေးတွင်ပါဝင်ဆင်နွှဲသည်။
၁၉၄၄ ခုနှစ်တွင် မြန်မာ့တပ်မတော်သို့ ဝင်ရောက်အမှုထမ်းပြီး မင်္ဂလာဒုံစစ် တက္ကသိုလ်တတိယပတ် ဗိုလ်သင်တန်း တက်ရောက်သည်။ ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာ လ ၄ ရက်နေ့တွင်ဗိုလ် သင်တန်းဆင်းပြီးလေယာဉ်ပစ်အမြောက်ကြီးတပ်တွင် တပ်စုမှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်သည်။ ဂျပန် တော်လှန်ရေးတွင် တိုင်း (၁) တပ်ရင်း(၁ဝ၆)၌ တပ်စုမှူးအဖြစ် တော်လှန်ရေး ပြီးဆုံးသည်အထိ တာဝန်ထမ်း ဆောင်သည်။ တော်လှန်ရေးပြီးဆုံးပြီးသည့်အခါ စစ်ပြန်ဘဝဖြင့် ရရာအလုပ်များ လုပ်ကိုင်ကာ ဘဝကို ရုန်းကန်သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင်တပ်မတော်သို့ တစ်ဖန်ပြန်လည် ဝင်ရောက်သည်။ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ ဗိုလ်သင်တန်းပြန်လည်တက်ရောက်သည်။ ဗိုလ်သင်တန်းဆင်းပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ တပ်မတော် လျှပ်စစ်နှင့် စက်မှုတပ်ဖွဲ့၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တပ်ဖွဲ့များတွင် ဒုတိယဗိုလ်အဆင့်မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့် အထိလည်းကောင်း၊ ကာကွယ်ရေး ပစ္စည်းထုတ် လုပ်မှု ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်မှူးကြီး အဆင့်အထိ လည်းကောင်း တာဝန်ထမ်းဆောင်သည်။ ၁၉၆၂ ခုနှစ်မှစ၍ စက်မှုဝန်ကြီးဌာနတွင် တွဲဖက်အတွင်းဝန်၊ အတွင်းဝန်နှင့် ဒုတိယဝန်ကြီး တာ ဝန်များ ထမ်းဆောင်သည်။ ထို့ပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အလုပ်သမားရေးရာ ဌာနကြီးတွင် ကော်မတီဝင်အဖြစ်လည်း ကောင်း၊ ဗဟိုပြည်သူ့ အလုပ်သမား ကောင်စီတွင် အလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ပေး အပ်ခြင်းခံရသည်။ ပထမအကြိမ် ပါတီညီလာခံတွင် အရန်ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်းခံရပြီးစက်မှု ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၇၃ ခုနှစ် ဒုတိယအကြိမ်ပါတီညီလာခံ တွင်အရန် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ထပ်မံရွေးချယ်ခြင်းခံရသည်။ ၁၉၇၄ ခုနှစ် ပထမအကြိမ်ပြည်သူလွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ် တင်မြှောက်ပွဲတွင် လှိုင်မြို့နယ်အမှတ်(၂) မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံရပြီး စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းခံရသည်။ တတိယအကြိမ် ပါတီညီလာခံတွင်ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် အဖြစ်လည်းကောင်း၊ ပထမအကြိမ် အလုပ်သမား အစည်းအရုံး ညီလာခံတွင် ဗဟိုအလုပ်သမား အစည်းအရုံး ဥက္ကဋ္ဌအဖြစ်လည်းကောင်း ရွေးချယ်ခြင်းခံရသည်။ ၁၉၇၇ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ် စတင်ထမ်းဆောင်ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီး ချုပ်အဖြစ်မှ အငြိမ်းစားယူသည်။ ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ အထိ မန်ချက်စတာ စက်မှုတက္ကသိုလ်တွင် ပညာသင်ယူသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သည့်လွတ်လပ်ရေး မော်ကွန်းဝင်(ဒုတိယဆင့်) ကိုလည်းကောင်း၊ နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်ကချီးမြှင့်သည့် ဇေယျကျော်ထင် စစ်မှုထမ်းကောင်းတံဆိပ်နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကိုလည်းကောင်း ရရှိသည်။ ဦးမောင်မောင်ခသည် ဦးရွှေ၊ ဒေါ်မြတင်တို့၏ သမီး ဒေါ်ခင်ခင်လေးနှင့် လက်ထပ်ခဲ့ရာ သားတစ်ဦးနှင့်သမီးတစ်ဦး ထွန်းကားသည်။ သားဖြစ်သူမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှုတွင် တစ်တပ်တစ်အား ပါဝင်ခဲ့ပြီး နိုင်ငံတာဝန်များကို ကြိုးပမ်းဆောင် ရွက်ခဲ့သော အငြိမ်းစား ဗိုလ်မှူးကြီးနှင့် အငြိမ်းစား နိုင်ငံတော် ဝန်ကြီးချုပ် ဦးမောင်မောင်ခသည် ၁၉၉၅ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင် ခင်လေး၊ သမီးတစ်ဦး မွေးစားသမီးတစ်ဦးနှင့် မြေးနှစ်ဦးကျန်ရစ်သည်။