စာရေးဆရာမ မလေးလုံကို ၁၉၃၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် သောကြာနေ့တွင် ပုသိမ်မြို့၌ အဖ ကျောင်းအုပ် ဆရာကြီး ဦးချစ်ထွန်း၊ အမိ ဒေါ်စောတင် တို့မှ မွေးဖွား ခဲ့သည်။ မလေးလုံ၏ အမည်ရင်းမှာ မခင်သန်းဆွေ ဖြစ်သည်။ မလေးလုံသည် ကျန်းမာရေး ချို့တဲ့မှုကြောင့် တက္ဗသိုလ် ဝင်တန်းအထိသာ ပညာသင်ကြား ခဲ့ရသည်။
မလေးလုံ ငယ်စဉ်က ပုသိမ်မြို့ ခရစ်ယာန် သာသနာပြု ကျောင်းများဖြစ်သော အေဘီအမ် အထက်တန်း ကျောင်းနှင့် စကောကရင် အထက်တန်း ကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။ အသက် (၁၅) နှစ် အရွယ် ဆယ်တန်း စာမေးပွဲ ဖြေဆိုရန် ကြိုးစားနေစဉ် နှလုံးရောဂါဖြင့် အပြင်းအထန် မမာမကျန်း ဖြစ်လာရာ သမားတော် ဆရာဝန်ကြီးများ၏ တိုက်တွန်း ညွှန်ကြားချက် အရ ပညာသင်ကြားခြင်းမှ အနားယူလိုက်ရပြီး အသက်ရှင် နိုင်ရေးအတွက် နှလုံးရောဂါ ပါရဂူများ၏ ဆေးကုသမှုကို ခံယူ နေခဲ့ရသည်။
ဆေးကုသမှု ခံယူ နေစဉ်မှာပင် အချိန်ယူ၍ ဝတ္ထုတို ကလေးများကို တိုင်းရင်းမေ ဂျာနယ်၌ ကလောင် အမည် မလေးလုံဖြင့် စတင် ရေးသား ခဲ့လေသည်။ ထိုသို့ ရေးသားရာ၌ လက်ယာလက်ကို အသုံးမပြု နိုင်တော့သဖြင့် ကျန်လက်ဝဲ လက်ဖြင့် စာရေး လေ့ကျင့်ပြီးမှ စတင် ရေးသားခြင်း ပြုခဲ့ရသည်။ ဝတ္ထုတို ကလေးများ ရေးသား နေရာမှ အောင်မြင်မှု ရလာသောအခါ လုံးချင်း ဝတ္ထု လောကသို့ လှမ်းတက် ခဲ့ပြန်သည်။
၁၉၇၅ ခုနှစ်၊ နိုင်ငံတကာ အမျိုးသမီးများ နှစ်မှ စတင်၍ အမျိုးသမီး မဂ္ဂဇင်း တစောင် ထုတ်ဝေခွင့် လျှောက်ထားခဲ့ရာ ၁ဝ နှစ် အကြာတွင် ထုတ်ဝေခွင့် ရခဲ့သည်။ ထို့ကြောင့် ၁၉၈၅ ခု၊ ဇန်နဝါရီလမှ စတင်၍ လုံမလေး အမျိုးသမီး မဂ္ဂဇင်းကို ဦးစီး အယ်ဒီတာချုပ် တာဝန်ယူ၍ အောင်မြင်စွာ ထုတ်ဝေ ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ထုတ်ဝေသည့် လုံမလေး မဂ္ဂဇင်းတွင် ပါရှိသော ပန်းကိုတော့ ပန်လျက်ပါပဲ ဝတ္ထုတိုသည် မလေးလုံ ရေးသားခဲ့သည့် နောက်ဆုံး လက်ရာ ဖြစ်ပေသည်။
မလေးလုံသည် ၁၉၉၁ ခုနှစ်၊ ဧပြီလထုတ် လုံမလေး မဂ္ဂဇင်းတွင် ထည့်သွင်း ဖော်ပြမည့် သန်လျင် ဖေသွင်၏ အခြားသော ပညာရှိ တပါး (The Other Wise Man) ဘာသာပြန် ဝတ္ထရှည်ကြီးကို ကွယ်လွန်မည့် ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့ နံနက် အရုဏ်ဦး အထိ ကိုယ်တိုင် တည်းဖြတ် ပြင်ဆင်ခဲ့ပြီး နေ့လယ် ၁၁း၂ဝ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် နံ့သာမြိုင်ခြံ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်သည့် အချိန်တွင် အသက် ၈၁ နှစ် အရွယ်ရှိ မိခင်ကြီးနှင့် အစ်ကိုတစ်ဦး၊ ညီမသုံးဦး ကျန်ရစ်ခဲ့သည်။
ရေးသား ပြုစုခဲ့သောစာအုပ်များ
ကေသာပိတုန်း ငွေမင်ရည်ဖုံးစေတော့ - ၁၉၆၇ ခုနှစ်
ခင်ပိပိလိမ် - ၁၉၇၈ ခုနှစ်
ချစ်ခွန်းတိတ်တိတ် ရင်သိမ့်သိမ့် - ၁၉၇၄ ခုနှစ်
ချစ်ပါတယ် မောင့်ကို - ၁၉၇၅ ခုနှစ်
ချစ်မဆုံး မုန်းကမ္ဘာ - ၁၉၇၃ ခုနှစ်
ချိန်ခါမနှောင်းမီ - ၁၉၆၃ ခုနှစ်
ငွေကြယ်လှလှကသောည - ၁၉၇၃ ခုနှစ်
ဆောင်းလေဝှေ့တော့ နှင်းငွေ့ပြယ် - ၁၉၇၄ ခုနှစ်
ထားခင်ခင် - ၁၉၇၂ ခုနှစ်
ထိပ်ထားလေး - ၁၉၆၉ ခုနှစ်
နေရယ် လရယ် ချစ်သူရယ် - ၁၉၇၈ ခုနှစ်
နေလံကြယ်စင် ကွယ်ပင်ငြားလည်း - ၁၉ရဝ ခုနှစ်
ပိုး - ၁၉၆၅ ခုနှစ်
ပင်မြက်မြေဇာ - ၁၉ရဝ ခုနှစ်
ပိုင် - ၁၉၆၆ ခုနှစ်
ပုံ့ - ၁၉၇၃ ခုနှစ်
ပွင့် (၁၉၆၃ ခုနှစ်၊ အမျိုးသား စာပေဆု) - ၁၉၆၃ ခုနှစ်
ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည် - ၁၉၇၅ ခုနှစ်
ဘဝဆည်းဆာ - ၁၉၇၂ ခုနှစ်
ဘဝဆိပ်ကမ်းသာ - ၁၉၇၃ ခုနှစ်
ဘယ်ဝေ့ညာကူး လေရူးဆော်သလို - ၁၉၆၉ ခုနှစ်
ဘယ်အငြိုးနဲ့ ကံဆိုးမိုးရွာတယ် - ၁၉၇၃ ခုနှစ်
မော် - ၁၉၇၄ ခုနှစ်
မောင့်မေတ္တာ ရစ်ခါနှောင်မှ - ၁၉၇၃ ခုနှစ်
မေတ္တာသွန်းဖြိုး မြတ်နိုးသူမယ် - ၁၉၇၃ ခုနှစ်
မေတ္တာသံသရာ - ၁၉၇၁ ခုနှစ်
မေတ္တာအရင်းခံ - ၁၉၆၂ ခုနှစ်
မုန်းမာန်ရယ် ပြေစေလို - ၁၉၇၁ ခုနှစ်
မုန်းအပြစ် မယူသာ - ၁၉၇၅ ခုနှစ်
မြတ်လေးနွယ် - ၁၉၇၄ ခုနှစ်
လှေလူးလူး လှိုင်းမူးမူး - ၁၉၇၆ ခုနှစ်
သစ္စာနယ်မြေသူ - ၁၉၇၂ ခုနှစ်
သိမ့် - ၁၉၇၇ ခုနှစ်
အသည်းပန်းတခက် ပေးဆက်ချင်လျက် - ၁၉၇၃ ခုနှစ်
အီဖေကိုယ်နှင့် မကြီးဂျမ်း - ၁၉၇၃ ခုနှစ်