ဆောင်းခိုလာသည့် ရွှေဟင်္သာငှက်အကောင်ရေ ၃၀၀ကျော် မကွေးမြို့နယ် ဧရာဝတီမြစ်ကမ်းအနီး လာရောက်နားခို

29-Jan-2021

မကွေး ဇန်နဝါရီ ၂၈

ရေကြည်ရေသန့်နှင့် ရေညှိများ ပေါကြွယ်ဝသည့် မကွေးမြို့ ဧရာဝတီမြစ်ကမ်းအနီး၌ ဆောင်းခိုလာသည့် ရွှေဟင်္သာ ငှက်အကောင်ရေ ၃၀၀ ကျော် လာရောက်နားခိုနေကြောင်း မကွေးမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်ဝင်းထံက သိရသည်။

“ရွှေဟင်္သာတွေက နှစ်တိုင်း ဒီဇင်ဘာလ နောက်ဆုံး ပတ်ဆို ရောက်ပြီ။ ဒီနှစ် အကောင် ၃၀၀ ကျော်လောက် ရောက်တယ်။ မစုံသေးတာဖြစ်မယ်။ မနှစ်က အကောင်ရေ ၅၀၀ လောက် ရောက်တယ်။ တဖြည်းဖြည်းနဲ့ ရောက်လာ ကြတာဆိုတော့ ထပ်ပြီးရောက်လာဦးမှာ။ သူတို့က အစာ အတွက် လာကြတာ။ ရေကြည်ရေသန့်ကလည်း ရှိတယ် လေ”ဟု မကွေးမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဦးတင်ဝင်းက ပြောသည်။

ရောက်ရှိလာသည့် ရွှေဟင်္သာများမှာ အုပ်စု သုံးစုခွဲ၍ နေကြပြီး မနက်ရောင်နီလာစတွင် တစ်ကြိမ် ၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ်၊ ညနေခင်း နေဝင်ရီအချိန်၌ တစ်ကြိမ် အစာရှာ၊ ရေချိုးလေ့ရှိကြောင်း၊ ဟင်္သာတို့၏ စရိုက်မှာ စီးနေသည့် မြစ်ရေပြင်ကြီးများထက် ရေကြည် ရေသန့်နှင့် ရေညှိပေါသည့် ချောင်းချိုး၊ မြစ်ချိုးကဲ့သို့ အကွေ့ နေရာလေးများတွင် ဆောင်းခိုလေ့ရှိကြောင်း၊ ညအိပ်သည့် အခါ ရေအိုင်နှင့် မနီးမဝေး ကျင်းချိုင့်လေးများနှင့် သစ်ပင် ငယ်များအောက်တွင် နေလေ့ရှိကြောင်း သိရသည်။

“ ဒေသခံတံငါတွေနဲ့ မြစ်ရိုး၊ ချောင်းရိုးနေတဲ့သူတွေကို မေးကြည့်လိုက်တဲ့အခါမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ရောက်ပြီး ဧပြီလဆို ပြန်တယ်လို့ သိရတယ်။ ပြန်သွားတဲ့ နေရာကိုတော့ မသိကြသေးဘူး။ ဟင်္သာတွေက ရေညှိပဲ စားတာ။ ဒေသခံတွေကိုယ်တိုင်ကလည်း ဟင်္သာတွေဆို ချစ်တယ်။ အသားမစားလို့”ဟု မြို့နယ်ဦးစီးအရာရှိ ဦးတင်ဝင်းက ပြောသည်။

ရွှေဟင်္သာများမှာ ထာဝစဉ်ကာကွယ်ထားသည့် တိရစ္ဆာန်စာရင်းထဲတွင် ပါဝင်ပြီး သတ်ဖြတ်စားသောက်၍ ပြစ်ဒဏ်စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ခုနစ်နှစ်မှ ၁၀ နှစ် အထိ၊ ငွေဒဏ် ၁၀ သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ် နိုင်ကြောင်း၊ ယမန်နှစ်က ငှက်မုဆိုးများလာသည်ဟု သတင်းရသည့်အတွက် ယခုနှစ်တွင် သစ်တောဦးစီးဌာနက ကြိုတင်စောင့်ရှောက်နေပြီး ဒေသခံများကိုလည်း ညှဉ်းပန်း နှိပ်စက်ခြင်းမပြုရန် စည်းရုံးသိမ်းသွင်း အသိပညာပေး နေကြောင်း သိရသည်။

မကွေးမြို့နယ်အတွင်း၌ ဆောင်းခိုလေ့ရှိသည့် ရှားပါး ငှက်မျိုးစိတ်လေးများကို လေ့လာစာရင်းပြုစုနေပြီး ရေပျော် ငှက်များ ၊ ဆောင်းခိုငှက်များ ရောက်နေသည့်နေရာကို တောအုပ်ကြီးတစ်ဦး ၊ တောအုပ်တစ်ယောက် ၊ တောခေါင်း တစ်ဦး ၊ လှည့်ကင်းများထားကာ တာဝန်ချထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနက သိရသည်။

ဇေယျတု(မကွေး)