မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် KB Bank Myanmar ဖွင့်လှစ်

28-Jan-2021

ရန်ကုန် ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ခွင့်ရသည့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် KB Bank Myanmar ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Lotte Hotel ၌ကျင်းပသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ Korea Association in Myanmar မှ ဥက္ကဋ္ဌ မစ္စတာ အီဗြောင်းစူ ၊ KOCHAM ဥက္ကဋ္ဌ မစ္စတာ ဘတ်‌ဂျောင်ဟွန်း၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

အဆိုပါဘဏ်သည် ကိုရီးယားသမ္မတနိုင်ငံမှ KB Kookmin Bank က KB Bank Myanmar Ltd. အမည်ဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် ဘဏ်လုပ်ငန်းလိုင်စင်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါဘဏ်ကို ရန်ကုန်မြို့ ကမာရွတ်မြို့ နယ် အမှတ်(၉)ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းအမှတ် (၁၀၄)တွင် ဖွင့်လှစ်ကာ လက်လီဘဏ်လုပ်ငန်းအပါအဝင် ဘဏ်လုပ်ငန်းများကို ပြည်တွင်းဘဏ်များနည်းတူ ဆောင် ရွက်နိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ တွင် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာသစ်များနှင့်အတူ ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ဆောင်သွားနိုင်မှာဖြစ်

KB Bank Myanmar မှ CEO ဖြစ်သူ Mr. Kim Chang Woo က “ဒီဘဏ်ဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်တွင်း ဘဏ်တွေလိုပဲ လုပ်ဆောင်ခွင့်တွေ၊ ဘဏ်လုပ်ငန်းစနစ်တွေ အကုန်လုံးလုပ်ဆောင်ခွင့်ရတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်ကစတင်ပြီး ဘဏ်အကောင့်တွေဖွင့်လို့ရခဲ့ပါပြီ။ နောက်အပတ်တွေကစတင်ပြီး Mobile Banking နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ၊ နိုင်ငံခြားကိုငွေလွှဲလို့ ရမယ့် ကိစ္စမျိုးတွေကို ဆက်လက်ပြီး လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

KB Bank Myanmar Ltd. အနေဖြင့် ဘဏ်ခွဲပေါင်း ၁၀ ခုအထိဖွင့်လှစ်သွားမည်ဖြစ်ရာ ငါးနှစ်အတွင်း ရန်ကုန် တိုင်းဒေသကြီး၌ ဘဏ်ငါးခုအထိ ဖွင့်လှစ်သွားရန် စီစဉ် ထားပြီး ကျန်ဘဏ်ငါးခုအား အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ် ထားကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဇော်ကြီး