အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့၏ စိန်ခေါ်ပွဲ ဧပြီ ၂၁ ရက်တွင် ကျင်းပမည်

29-Jan-2021

ရန်ကုန်  ဇန်နဝါရီ  ၂၈

ONE Championship က   ဧပြီ ၂၁ ရက်တွင် ကျင်းပမည့်  ONE ON TNT III အမည်ရပြိုင်ပွဲတွင်  မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏တွဲဆိုင်း ပါဝင်လာမည်ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ် ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။

စိန်ခေါ်ပွဲများ ပါဝင်မည်

ONE Championship သည် ဧပြီ လတွင် ပြိုင်ပွဲလေးခုကျင်းပရန်  စီစဉ် ထားပြီး ဧပြီ ၇၊ ၁၄၊ ၂၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။   ယင်း ပြိုင်ပွဲများတွင် ချန်ပီယံကာကွယ်ပွဲ များနှင့်    နာမည်ကြီးကစားသမား များ၏ စိန်ခေါ်ပွဲများ ပါဝင်မည်ဖြစ်ပြီး ဧပြီ ၂၁ ရက်တွင်ပြုလုပ်မည့် ONE ON TNT III   အမည်ရပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့်   ဘစ်ဒက်ရှ် ပွဲကို  အဓိကတွဲဆိုင်းအဖြစ်  ကျင်းပ မည်ဖြစ်သည်။

ONE မစ်ဒယ်ဝိတ်တန်း    ကမ္ဘာ့ ချန်ပီယံဆုကို  လက်လွှတ်ခဲ့ရသည့် အောင်လအန်ဆန်အတွက် ချန်ပီယံ ဆုအား ပြန်လည်စိန်ခေါ်နိုင်ရန် ပထမခြေလှမ်းအဖြစ် ဗစ်တာလီဘစ် ဒက်ရှ်နှင့်     ယှဉ်ပြိုင်ထိုးသတ်ရခြင်း ဖြစ်သည်။  အောင်လအန်ဆန်သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက ထိုးသတ်သည့်ပွဲတွင်    နယ်သာလန် နိုင်ငံသား   ဒီရစ်ဒါကို   အရေးနိမ့်ပြီး မစ်ဒယ်ဝိတ်တန်း  ကမ္ဘာ့ချန်ပီယံဆု ကို    လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ် ဒက်ရှ်တို့ပွဲမှ အနိုင်ရသူမှာ ဒီရစ်ဒါ အား စိန်ခေါ်ထိုးသတ်ခွင့်ရဖွယ်ရှိနေသည်။ အောင်လအန်ဆန်နှင့် ဗစ်တာ လီဘစ်ဒက်ရှ်သည် ကမ္ဘာ့ချန်ပီယံဟောင်းများဖြစ်ပြီး သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကြိမ်တွင် တစ်ပွဲစီအပြန်အလှန်အနိုင်ရထားပြီး  အောင်လအန်ဆန် သည် ဘစ်ဒက်ရှ်နှင့်  ဒုတိယအကြိမ် တွေ့ဆုံသည့်ပွဲတွင်   အမှတ်ဖြင့် အနိုင်ရကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဖြစ်လာခြင်း  ဖြစ်သည်။ ယင်းကစားသမားနှစ်ဦးသည် ၂၀၁၇ ခုနှစ်တွင် နှစ်ပွဲထိုးသတ်ခဲ့ပြီး လေးနှစ် နီးပါးအကြာတွင်      ပြန်လည် တွေ့ဆုံခြင်း ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-ဖိုးသော်ဇင်